ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်ရုံများနှင့်စိုက်ကွင်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇန်နဝါရီ   ၉


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ငွေရည် ပုလဲကုမ္ပဏီလီမိတက်၏   Crown  ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှု    နည်းစဉ်အဆင့်ဆင့်ကို   လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ထိုသို့စစ်ဆေးစဉ်   ပြည်ပသွင်းကုန်  အစားထိုးစက်မှုထုတ်ကုန် ပစ္စည်းများကို အရည်အသွေးကောင်းမွန်ရန် ထုတ်လုပ်မှုအဆင့်တိုင်း၌  အရည်အသွေးအာမခံနိုင်ရေးအတွက် အရည်အသွေးထိန်းသိမ်းသည့် စနစ်များထားရှိ၍  အမြဲမပြတ်စစ်ဆေးရန်၊ ကြုံတွေ့နေရသည့်    အခက် အခဲများကို   ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်းမှာကြားပြီး တင်ပြ ချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

 


ပိုမိုအောင်မြင်ရန် ကြိုးစား


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ဆမ္မဆယ်စိုက်ကွင်းသို့ ရောက်ရှိစစ်ဆေးပြီး မြေလွတ်နေရာလွတ်မကျန်အောင် တိုးချဲ့စိုက်ပျိုးပြီး ယခုထက်ပိုမိုအောင်မြင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း မှာကြားသည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်မဲခရိုင် နောင်ချို မြို့နယ်   အင်းဝိုင်းကျေးရွာအုပ်စုရှိ တစ်နေ့တန် ၄၀၀ ကျ    အမှတ်(၂)   သကြားစက်(အင်းဝိုင်း)သို့ရောက်ရှိပြီး သကြားထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်နှင့် အမှတ်(၃) သကြားစက်ရုံစီမံကိန်း (အင်းဝိုင်း)    တစ်နေ့ လျှင် ကြံတန်ချိန်  ၁၂၀၀၀ ကျ သကြားစက်ရုံစီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 


မွန်းလွဲပိုင်းတွင် ဆပ်ပြာစက်ရုံ(မန္တလေး)သို့ ရောက်ရှိပြီး ကုန်ထုတ် လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို  ထောက်ပံ့ ငွေများ ပေးအပ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး တိုင်းဒေသ ကြီး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့ကို လိုအပ်သည်များကို မှာကြားသည်။

 


တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်


ဇန်နဝါရီ  ၈ ရက်   နံနက်ပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည်    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်  ဝန်ကြီးများနှင့်အတူ  ကျောက်ဆည်စက်မှုနယ်မြေ အတွင်းရှိ အမှတ်(၃၃)အကြီးစားစက်ရုံသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို  မဟာဓာတ်အားလိုင်းသို့   ပို့လွှတ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်   ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေး နိုင်ရေး   ကြိုးစားဆောင်ရွက်ရန်၊   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်    တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် မှာကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်တို့သည် စက်မှုဝန်ကြီးဌာနမှ စိန်ရွှေအောင်မြင်ကုမ္ပဏီလီမိတက် သို့ ငှားရမ်းထားသည့် အပ်ချုပ်စက်ရုံ၌ H @ M အမှတ်တံဆိပ် အနွေး ဂျာကင်၊   ဘောင်းဘီတို၊   ဘောင်းဘီရှည်နှင့် အမျိုးသမီးအဝတ်အထည်များ ချုပ်လုပ်နေမှုတို့ကိုလည်းကောင်း၊ Win & Win ကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့်     စက်ဘီးစက်ရုံ၌    ဥရောပနိုင်ငံများအပါအဝင်    နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့နေသည့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေမှု တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


လှည့်လည်ကြည့်ရှု


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ရောက်ရှိပြီး   အိမ်သုံးစတီးပစ္စည်းအမျိုးမျိုး၊  ဆေးရုံသုံး ပစ္စည်းအမျိုးမျိုးနှင့်   ပလတ်စတစ်ပစ္စည်းအမျိုးမျိုး   ထုတ်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 


သတင်းစဉ်