ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ (အင်းစိန်)နှင့် မော်တာစက်ချုပ်သင်တန်းတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ    ၂


စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်းသည်  ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) ၌  ဝန်ထမ်းများနှင့်နွေးထွေးသည့်  ဆက်ဆံမှုရှိစေရန်၊ လုပ်ငန်းတာဝန်များကို        မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင်ရန်၊  ဝန်ထမ်းအချင်းချင်း  ပိုမိုစည်းလုံး ညီညွတ်မှုရှိစေရန်   စက်ရုံစားရိပ်သာ၌   ဝန်ထမ်းများ နှင့်  နံနက်စာအတူတကွသုံးဆောင်ပြီး  ဝန်ထမ်းများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားသည်။

 


ထို့နောက်    ပြည်ထောင်စုဝန်ကြီးသည်    စက်ရုံ အစည်းအဝေးခန်းမ၌      အရာထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူလူထုအတွက်       လိုအပ်သောအခြေခံဆေးဝါး များကို    လျာထားချက်ထက်    ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့် ထုတ်လုပ်နိုင်လျှင်  ပြည်ပသွင်းကုန်အစားထိုးနိုင်မည် ဖြစ်၍  ကြိုးစားဆောင်ရွက်ရန်၊   စက်ရုံထုတ်ဆေးဝါး များသည်  အရည်အသွေး တစ်သမတ်တည်းဖြစ်အောင် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်း၌         အရည်အသွေး စစ်ဆေးမှုလုပ်ငန်းများကို  သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ  စနစ်တကျဆောင်ရွက်ရန်၊  အရည်အသွေး ကောင်းမွန်ပြည့်ဝသည့်  ဆေးဝါးများထုတ်လုပ်နိုင်ရေး အတွက်    လူ့စွမ်းအားအရင်းအမြစ်      ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို  စီမံချက်များ ရေးဆွဲဆောင်ရွက် ရန်၊ စက်ရုံ၌   ဆောင်ရွက်နေသည့်  ကုန်ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်၊     အရည်အသွေးစစ်ဆေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့နှင့်       ပတ်သက်သည့် နည်းပညာများအား  ဆင့်ပွားသင်တန်းများ ပြုလုပ် ပေးရန်၊ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအတွက် လိုအပ်သော ဆေးဝါးများကို ထုတ်လုပ်နေခြင်းဖြစ်၍ ဝန်ထမ်းတစ်ဦးချင်းစီ၏         ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်နှင့်  မိမိလုပ်ငန်းတာဝန်နှင့် ပတ်သက် ၍  ကျွမ်းကျင်မှုရှိအောင်   စဉ်ဆက်မပြတ်    လေ့လာ သင်ယူရန် မှာကြားသည်။

 


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ   စက်မှုဝန်ကြီးဌာန၊   အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်းပိုင်     မြေနေရာငှားရမ်း၍ မြန်မာနိုင်ငံအထည်ချုပ်    လုပ်ငန်းရှင်များအသင်းမှ ဖွင့်လှစ်လျက်ရှိသည့်     မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်နေမှုနှင့်    လေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး     သင်တန်းများကို ယခုထက်    ပိုမိုဖွင့်လှစ်နိုင်အောင်     ဆောင်ရွက်ရန်၊ လုပ်သားများ         ကျွမ်းကျင်မှုရှိလာသည်နှင့်အမျှ လက်ရာသေသပ်ကောင်းမွန်သည့်    ချုပ်ထည်များ ချုပ်လုပ်နိုင်၍  ဈေးကွက်ရရှိပြီး လုပ်ငန်းများတိုးချဲ့ နိုင်မည်ဖြစ်သဖြင့်       ကြိုးစားသင်ကြားပေးရန်၊ လုပ်သားအခြေပြု စက်မှုလုပ်ငန်းဖြစ်သည့် အထည် ချုပ်လုပ်ငန်းများ         ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်၊ NSSA     နှင့် ချိတ်ဆက်၍  သင်တန်းသားများကို  အသိအမှတ်ပြု လက်မှတ်များနှင့် ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း  သိရသည်။                                        

သတင်းစဉ်