
နေပြည်တော် စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းက ရခိုင် ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာ ဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း ရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား သို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက် ချက်များသည် လူမှုရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဖြစ် ပြီး လူသားစွမ်းအားစုများကို ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ရေးအစီအစဉ်အရ အကျိုးခံစားခွင့်ရှိသူ ၆၈၃၂၈ ဦးအတွက် ထောက်ပံ့ ကြေး ငွေကျပ် ၂၈၉၇ ဒသမ ၅၂ သန်းနှင့် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၄၂၈၉ ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၄၂၈ ဒသမ ၆၇ သန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း သုံးဖွဲ့သို့ ထောက်ပံ့ ငွေကျပ် ၄၆ ဒသမ ၈၁၅ သန်းကို မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ပေးအပ် ၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ ငွေများ လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည့် (၂၄)ကြိမ်မြောက် ရခိုင် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။ ဦးစွာ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကပြဖျော်ဖြေကာ ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားပြီး ပြည်နယ် အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်များက “ရွှေဆု ယူမည် ရခိုင်ပြည်” တေးသီချင်း၊ “ကိုယ့်ရပ်ဌာနေ”သီချင်းဖြင့်လည်းကောင်း၊ မြို တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က “ညီအစ်ကိုနောင်ရင်း” ယိမ်းအကဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေ ကြရာ ပြည်ထောင်စုဝန်ကြီးက ကပြသီဆိုဖျော်ဖြေ ကြသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ (စစ်တွေမြို့)သို့သွားရောက်၍ သက်ကြီးဘိုးဘွားများကို ရင်းရင်းနှီးနှီးတွေ့ဆုံဂါရဝပြုပြီး အလှူငွေများနှင့် အင်အားဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဥဿလင်းဘုန်းတော်ကြီးကျောင်း ယာယီနေရပ် စွန့်ခွာစုရပ်ရှိ အမျိုးသမီးများအား ရပ်ရွာအခြေပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနေမှု အခြေ အနေများကို ကြည့်ရှုအားပေးကာ စုရပ်နေသူများအား ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာတောင့်များထောက်ပံ့ပေးအပ်ပြီး ဥဿလင်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဘောဒူပ IDP စခန်းနှင့် သက္ကယ်ပြင် IDP စခန်းများသို့သွားရောက်ပြီး စခန်းနေသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် နှစ်နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများ၊ စခန်း နေသူများအတွက် ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာ တောင့်များ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် MV Charity သင်္ဘောပေါ်မှ ကူညီထောက်ပံ့ရေးပစ္စည်း များ ဆိပ်ကမ်းသို့ချနေမှုအခြေအနေများကို သွား ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်