
နေပြည်တော် ဩဂုတ် ၁၆
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ မိုးစပါးမျိုးစေ့ ထုတ်စိုက်တောင်သူများအား ထောက်ပံ့ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း နှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မကျီးတန်းဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကိုဗစ်-၁၉ စီးပွားရေးထိခိုက် မှုသက်သာရေးစီမံချက် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်စိုက် တောင်သူများ အား ထောက်ပံ့ပေးခြင်းနှင့်အတူ နည်းပညာပေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်စိုက်ကွင်းများ၌ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်း များ တာဝန်ချထားပေးပြီး မျိုးစေ့ထုတ်တောင်သူများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရက သမဝါယမအသင်းများ၏ ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
စျေးကွက်ထိခိုက်နိုင်မှုကို ထိန်းသိမ်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့မှူးမြို့နယ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒေသခံသမဝါယမအသင်းများက အသင်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ် များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်ကာလတွင် သမဝါယမလုပ်ငန်း၏ စွမ်းဆောင်နိုင်မှုကို အထင် အရှားမြင်တွေ့ရပါကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်းများ ခက်ခဲနေချိန်တွင် ဒေသ တစ်ခု၏ လယ်ယာထွက်ကုန်များကို အခြားလိုအပ်သည့်ဒေသများသို့ သမဝါယမ အသင်းစုချုပ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သဖြင့် လယ်ယာထွက်ကုန် များ၏ စျေးကွက်ထိခိုက်နိုင်မှုကို ထိန်းသိမ်းပေးနိုင်လျက်ရှိကြောင်း၊ လယ်ယာ ကုန်ထုတ်လုပ်မှုနှင့် သမဝါယမလုပ်ငန်း ခွဲခြားမရနိုင်သည်ကို တွေ့မြင်နိုင်ပါ ကြောင်း။
တောင်သူတစ်ဦးချင်းက တန်ဖိုးကြီး လယ်ယာသုံးစက်ကိရိယာ အပိုင် ဝယ်ယူ အသုံးပြုရန်ခက်ခဲနိုင်သော်လည်း တောင်သူများ စုပေါင်းထူထောင် သည့် သမဝါယမအသင်းအနေဖြင့် ဝယ်ယူပြီး အလှည့်ကျမျှဝေသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ အလားတူ စိုက်စရိတ်အရင်းအနှီးအတွက် သမဝါယမချေးငွေ ရရှိနိုင်သကဲ့သို့ စုပေါင်းရောင်းချမှုကြောင့် ထွက်ကုန်ပမာဏအရ လက်ကား စျေးကွက်အထိ ဝင်ရောက်နိုင်မည်ဖြစ်ပြီး စျေးကွက်အကျိုးအမြတ် ရရှိနိုင်ပါ ကြောင်း၊ တစ်ဦးချင်း မအောင်မြင်သော်လည်း စုပေါင်းဆောင်ရွက်ပါက အောင်မြင်မှုရနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ တောင်သူများ စုပေါင်းဆောင်ရွက် သည့် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းနှင့် ဥပဒေနှင့်အညီ ထူထောင်ဆောင်ရွက်နိုင်ရေး ကူညီပေး လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် တောကျောင်းကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများကို သွားရောက်ကြည့်ရှု အားပေးပြီး တောင်သူများအတွက် CERP ထောက်ပံ့ငွေများကို ပေးအပ်သည်။
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ မိုးစပါး မျိုးစေ့ထုတ် စိုက်ဧရိယာအဖြစ် ကော့မှူးမြို့နယ်တွင် ၃၈၃ ဧက၊ ကွမ်းခြံကုန်း မြို့နယ်တွင် ၄၅၂ ဧကအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ မိုးစပါးမျိုးစေ့ထုတ် ၅၉၂၉ ဧက စိုက်ပျိုးမည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးရန် စုစုပေါင်းဧက ၁၁၉၀၀၀၀ လျာထားကာ ယနေ့အထိ ဧကကိုးသိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ငါးသားပေါက်များ ထောက်ပံ့
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့မှူးမြို့နယ် စက်မှုလယ်ယာ စခန်း၌ ကျင်းပသည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ပွဲနှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP) နှင့် Cash for Work စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ငါးမွေး တောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် (VRFP) စီမံကိန်းကျေးရွာ ရှစ်ရွာနှင့် Cash for Work စီမံကိန်း ကျေးရွာ ၁၀ ရွာအတွက် ရန်ပုံငွေများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။
ကော့မှူးမြို့နယ်ရှိ ငါးမွေးကန် ၃၅၆၂ ဒသမ ၁၇ ဧက အပါအဝင် ရန်ကုန် တိုင်းဒေသကြီး၌ ငါးမွေးကန် ၆၇၃၂၈ ဒသမ ၁၉ ဧကအတွက် ငါးသားပေါက် များ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ငါးမွေးကန် တစ်ဧကလျှင် ငွေကျပ် လေးသောင်းဖိုးရှိ ငါးသားပေါက်များ ထောက်ပံ့သွားမည်ဖြစ်၍ တစ်နိုင်ငံလုံးရှိ ငါးမွေးမြူရေးကန် ဧက ၁၅၀၀၀၀ အတွက် ငွေကျပ်သန်း ၆၀၀၀ အကုန်အကျခံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စပါးခွံလောင်စာသုံး အခြောက်ခံစက်ကို သွားရောက်ကြည့်ရှုပြီး ကော့မှူးမြို့နယ် အမှတ်(၂)မြောင်း ကို ဆက်လက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ ကိုးခုမှ အကျိုးပြု ၇၉၀၂၂ ဧက၊ ရေဘေးကာကွယ်ရေးတမံ ၂၂ ခုမှ အကျိုးပြု ၁၀၂၁၄၉ ဧက၊ ရေငန် တားတမံ ၂၇ ခုမှ အကျိုးပြု ၂၁၉၀၉၂ ဧက၊ ရေကြီးနစ်မြုပ်ကာကွယ်ရေး ရေနုတ် မြောင်း ၈၅ ခုမှ အကျိုးပြု ၃၅၇၅၅၀ ဧက၊ ရေတံခါး ၁၅၄ ခုမှ အကျိုးပြု ၁၈၈၇၀၂ ဧက၊ လျှပ်စစ်ရေတင်ဖြင့် အကျိုးပြု ၂၄၅၁၈ ဧကရှိကြောင်း သိရသည်။
သတင်းစဉ်