
နေပြည်တော် မေ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးတို့သည် ယမန်နေ့ နံနက် ပိုင်းတွင် လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများကို ဦးခိုက်ကန်တော့ကာ ဘိုးဘွားများအတွက် ဝန်ကြီး ဌာနမှ ထောက်ပံ့ငွေများ၊ အလှူရှင်စေတနာရှင်များမှ ထောက်ပံ့ငွေများ ကို ပေးအပ်လှူဒါန်းခဲ့ကြရာ ဆင်းရွှေလီဘိုးဘွားရိပ်သာစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့် အဖွဲ့သည် ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကို တစ်ဦးချင်း ရင်းရင်း နှီးနှီးလိုက်လံတွေ့ဆုံ နှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိကြပြီး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂ မဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား ဦးခိုက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် ဆရာတော်ထံမှ ဩဝါဒ ခံယူကာ ကျောင်းတိုက်အတွင်းရှိ သီရိရတနာ ဆွမ်းစားကျောင်းဆောင် တွင် ဆရာတော်အမှူးပြုသော စာသင်စာချ ရဟန်းသံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်ရှိ သီရိသုခဆောင် တွင် ကိန်းဝပ်စံပယ်နေသော ဓာတ်တော်မွေတော်များနှင့် မဟာဗုဒ္ဓဝင် ပြတိုက်တို့သို့ ရောက်ရှိဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်စာချ ရဟန်းသံဃာများအတွက် နေ့ဆွမ်း ဘောဇဉ် လှူဒါန်းငွေများကို ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒထံ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ ဟိုတယ်၌ ကျင်းပပြုလုပ်သော လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့်စပ်လျဉ်းသည့် လူမှုရေးပင်စင် ကိန်းဂဏန်းအချက် အလက်စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မေ ၂၅၊ ၂၇၊ ၃၀ နှင့် ဇွန် ၁ရက်တို့တွင် နှစ်ကြိမ်ခွဲ၍ သင်တန်းသား သင်တန်းသူ ၁၀၀ ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်