
ကူမင်း ဩဂုတ် ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ယနေ့ နံနက်ပိုင်း တွင် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဆိုင်ရာဖိုရမ် (GMS Economic Corridor Governors Forum) ၏ ဒုတိယနေ့အဖြစ် GMS Projects Roadshow နှင့် လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (Lincang Border Economic Cooperation Zone) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးက လင်ချန်း နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ထူထောင် ဆောင်ရွက်မှုသည် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခု၊ ပမာဏ အားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံ တန်ဖိုးရှိရာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်း ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် လျှပ်စစ်ကဏ္ဍ တွင် အများဆုံးဝင်ရောက်ခြင်း ဖြစ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပါ ကဏ္ဍကို အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍ သည် မြန်မာနိုင်ငံအတွက် အခြေခံ ကျသည့် လိုအပ်ချက်တစ်ခုဖြစ် သည့်အပြင် ရင်းနှီးမြှုပ်နှံမှု အတွက်လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အထူး ကြိုးပမ်းဆောင်ရွက်လျက် ရှိ ကြောင်း။
တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ကွမ်းလုံတံတား တည် ဆောက်ရေး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို တရုတ် နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ခြင်းဖြင့် နယ်စပ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို အတိုင်းအတာတစ်ခု အထိ ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါ ကြောင်း၊ လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ရှိ International Aquatic Products Processing Industrial Park စီမံကိန်းသည်လည်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တစ်လျှောက် အကျိုးဖြစ်ထွန်းနိုင် မည်ဟု မျှော်လင့်ပါကြောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ်ကဏ္ဍ အပါအဝင် စိုက်ပျိုးရေး၊ ဇီဝဆေး ပညာ၊ ရေနေသတ္တဝါ၊ အအေးထိန်း ပစ္စည်းများ ထောက်ပံ့ပို့ဆောင် ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတ်မှတ်ထားသည့် ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များဖြစ်သဖြင့် အဆိုပါကဏ္ဍများ တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ စားနပ် ရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေး ထုတ် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင် နိုင်ငံများအချင်းချင်း နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုး ပေးရန် မျှော်လင့်ပါကြောင်း တက်ရောက်လာကြသော မဲခေါင် ဒေသခွဲနိုင်ငံများမှ တက်ရောက် လာသူများနှင့် ရင်းနှီးမြှုပ်နှံလိုသူ များကို ပြောကြားသည်။
မွန်းလွဲပိုင်းအခမ်းအနားတွင် ဒယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူး Mr. Jiang Shan နှင့် တာဝန်ရှိသူများက အမှာစကား ပြောကြားပြီး ယူနန်ပြည်နယ် ပုဂ္ဂလိက စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yi Hong က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒယ်ဟုန်ဒေသ လွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးဇုန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် တရုတ်- မြန်မာ နယ်စပ် ဒယ်ဟုန်ဒေသ (Dehong Area) တွင် ဆောင်ရွက်မည့် အဓိကလုပ်ငန်းစီမံကိန်း ခြောက်ခု နှင့်စပ်လျဉ်း၍ စွန့်ဦးတီထွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နေကြ သူများက လက်ရှိအခြေအနေနှင့် အနာဂတ် အလားအလာများကို ရှင်းလင်းတင်ပြကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်း တွင် Yunnan Haigeng Conven-tion Center ၌ ကျင်းပပြုလုပ် သော 2023 GMS Economic Corridor Governors Forum ၏ GMS Project Roadshow and Lincang – Mekong Fruit Festival သို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်