ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

(၁၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲသို့ တက်ရောက်ခဲ့

 

နေပြည်တော်  နိုဝင်ဘာ  ၁၉


ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး  H.E. Mr. Vitaly Saveliev  ဖိတ်ကြားချက်အရ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲ သို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်  ကိုယ်စားလှယ် အဖွဲ့သည်  ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိရာ   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

 


လှည့်လည်ကြည့်ရှု


ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာ ၁၆ ရက်တွင် မီးရထားစက်ခေါင်း၊  တွဲများ နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ    ဆွေးနွေးပွဲ၊  မောင်းသူမဲ့ လေယာဉ်များကို မြို့တွင်းသယ်ယူပို့ဆောင်ရေး တွင် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ်၊ ရန်ကုန်- ကရာနိုရက်စ်  နှစ်ဖက် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး  မြန်မာနှင့်   ရုရှားဖက်ဒရေးရှင်း နိုင်ငံ    မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက်  လက်မှတ်ရေးထိုးခြင်း    အခမ်းအနားများကို    တက်ရောက်ခဲ့သည်။ ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Igor Petrovich Chalik နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။ နိုဝင်ဘာ ၁၇ ရက်တွင်  ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက် မှု  စုံညီဆွေးနွေးပွဲ (International   Transport Cooperation  in  2022)  သို့  တက်ရောက်ခဲ့ပြီး Transport Week ကာလအတွင်း ခင်းကျင်း ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

 


နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စရပ်များဆွေးနွေး


နှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ် တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က  ရထားပို့ဆောင်ရေးဆိုင်ရာ  တည်ဆောက်၊   ပြုပြင်၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်   ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ    ကဏ္ဍများတွင်   အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များနှင့်ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများစွာ  ရှိသဖြင့်  မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်  အကူအညီများပေးနိုင်ကြောင်း၊   မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံရှိ မြို့ကြီး သုံးမြို့တို့အကြား လေယာဉ် ခရီးစဉ်များပြေးဆွဲရေးကို  အထောက်အကူပြုနိုင်ရန်အတွက် နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား  သဘောတူညီချက် ကို  ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်း လိုင်း တစ်ခုဖြစ်သည့် Myanmar Airways Internat-ional (MAI) ကလည်း နှစ်နိုင်ငံ အကြားခရီးစဉ်များကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန်  အဆိုပြုလွှာတင်ပြထားပြီး   လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်   နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စရပ်များကို   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


အပြည်ပြည်ဆိုင်ရာ   ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု  စုံညီ ဆွေးနွေးပွဲတွင်(အပေါ်ပုံ) ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေ အထားအရ ဒေသတွင်း အချက်အချာကျသည့် နေရာတွင် တည်ရှိပြီး   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု   အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့် လုပ်ငန်း/  နယ်ပယ်အများအပြားရှိကြောင်း၊   အပြည်ပြည်ဆိုင်ရာ   ရထားလမ်း ကွန်ရက်အောက်တွင်  တရုတ်၊  အိန္ဒိယ၊   ထိုင်းနိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊  ကားလမ်းကွန်ရက် ဆက်သွယ်မှုအတွက်   အာရှလမ်းမကြီး၊   အာဆီယံ လမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ လမ်းမကြီးတို့ကို ဖော်ဆောင် လျက်ရှိကြောင်း၊  တစ်ဆက်တည်းတွင်  အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့်ခရီးသည်များ နယ်စပ် ဖြတ်ကျော် ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊  စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား  နှစ်နိုင်ငံအကြား  လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီဖြစ်စေရေး၊  ဘက်စုံပို့ဆောင်မှုမြှင့်တင် အကောင်အထည်ဖော် ရေး   ဆောင်ရွက်လျက်ရှိကြောင်း၊   အာဆီယံနှင့်   ရုရှားဆက်သွယ်နိုင်ရေး အတွက်  မြောက်-တောင်   အပြည်ပြည်ဆိုင်ရာ  ပို့ဆောင်ရေးစင်္ကြန် (North-South Transport Cooridor)  ဖော်ဆောင်ရန်   လိုအပ်ပါ ကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်က ဒေသ တွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင်သော  ဆက်ဆံမှု ကို  ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

 


ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး


နိုဝင်ဘာ ၁၅ ရက်မှ ၁၈ရက်အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ  ကိုယ်စားလှယ် ၁၆၀ ခန့်နှင့်  ရုရှားနိုင်ငံမှ တာဝန်ရှိသူများ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများ နှင့် လေ့လာသူများ စုစုပေါင်း ၁၄၀၀ခန့် တက်ရောက်ခဲ့ကြပြီး   ရုရှား-မြန်မာနှစ်နိုင်ငံအကြား   လေကြောင်းဆက်သွယ်မှု      အပါအဝင်  ကုန်းလမ်း၊  ရေကြောင်း၊ လေကြောင်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး ကို    တိုးမြှင့်ဆောင်ရွက်နိုင်ရေး   ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်