
နေပြည်တော် ဧပြီ ၁၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင် ဘူတာသို့ရောက်ရှိရာ ဘူတာဧည့်ခန်း၌ မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက ဘူတာကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း မွမ်းမံထားမှု အခြေအနေ၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ထားမှု၊ အထက် အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဘူတာယာဒ်ဝန်းသန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဘူတာဧည့်ခန်းအတွင်းရှိ ရှေးဟောင်းဓာတ်ပုံများ ပြုပြင်တပ်ဆင်ပြီးစီးမှု၊ ပြင်ဦးလွင်ဘူတာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ စင်္ကြံပလက်ဖောင်းကြမ်းခင်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ထားရှိမှုနှင့် ဘူတာရှေ့ ကားရပ်နားနေရာ ကတ္တရာလမ်းထပ်ပိုးလွှာ ခင်းထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံး၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့နောက် ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်ဆည်းမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံး အတွင်းရှိ ယာဉ်မောင်းလိုင်စင်ဌာန၊ ယာဉ်စစ်ဆေး ရေးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံး၌ ယာဉ်လုပ်ငန်းလိုင်စင် မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ဝန်ထမ်းများ တစ်ပိုင် တစ်နိုင် စိုက်ပျိုးထားသည့် စတော်ဘယ်ရီစိုက်ခင်း များကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်