
မုံရွာ ဇူလိုင် ၁၃
နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ခန္တီးမြို့သို့ရောက်ရှိပြီး နယ်မြေခံတပ်နယ်သို့သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များ မှာကြားကာ တပ်နယ်မိသားစုများကို စားသောက်ဖွယ်ရာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ခန္တီးတပ်နယ် နန်စီပွန်ရိပ်သာ အစည်းအဝေး ခန်းမ၌ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ဒေသခံ တိုင်းရင်းသားများထံ စားသောက်ဖွယ်ရာများ ပေးအပ် သည်။
အမှာစကားပြောကြား
ထို့နောက် ခန္တီးမြို့ရှိ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြော ကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ခန္တီးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင် စိုးမိုးက နယ်မြေဒေသ အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးပြီး (ဝဲပုံ) ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်သို့သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်