
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့် အမှာစကား
====================================================
ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်း ရေးမှူး၊ UNDP နှင့် UNODC တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ သုခနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ နိုင်ငံတော် အာဏာ ၃ ရပ် မှာ တရားစီရင်ရေးအာဏာကို အပ်နှင်းခြင်းခံရတဲ့ တရားရုံးများ၊ တရားသူကြီးများအနေနဲ့ ပြည်သူများ ကြုံတွေ့နေရတဲ့ မှုခင်းများကို တရားစီရင်ရေးလမ်းကြောင်း ပေါ်မှ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။
တရားစီရင်ရေးစနစ်သည် မျှတပြီး ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်မှသာ တရားစီရင်ရေးဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှာဖြစ်ပြီး လူ့ဘောင် အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ တရားစီရင်ရေးမဏ္ဍိုင် တည်တံ့ခိုင်မြဲ၍ တရားစီရင်ရေး၌ ဖြောင့်မတ်မှန်ကန်မှသာလျှင် တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ အခြေခံအခွင့်အရေးများကို ပြည်သူများ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်လည်း "အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရား မျှတမှုဆီသို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူတိုင်းသို့ အရည် အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်နဲ့ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနဲ့ ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှု အခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန် စီရင် ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး ဟူသည့် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူအများအနေနဲ့ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားလာစေရန်နှင့် ယုံကြည်ကိုးစားမှုကို တိုးမြှင့် လာစေရန်အတွက် တရားသူကြီးများသည် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း တရားရုံးဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာ သမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှုစတဲ့ တရားစီရင်ရေးကျင့်ဝတ်များကို လေးစားလိုက်နာစောင့် ထိန်းကြရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးနှင့် ဆက်စပ် လျက်ရှိတဲ့ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များကလည်း မိမိတို့စောင့်ထိန်းလိုက်နာရ မယ့် ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းကြဖို့ လိုမှာဖြစ်ပါတယ်။ သို့မှသာ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံးက တရားစီရင်ရေးအပေါ် ပိုမို နားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများပြုခြင်းဖြင့် တရား စီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံ အတွင်း တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ရာ ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိမှသာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားများ ထွန်းကားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်မှာ တရားစီရင် ရေးကဏ္ဍသည် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန် နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက်သာမက ချိုးဖောက်ခံရဖွယ် ရှိတဲ့ ကိစ္စများအတွက် ထိရောက်တဲ့ သက်သာခွင့်နဲ့ အကာအကွယ်များကို ပေးနိုင်ဖို့ လွန်စွာအရေးကြီးလှ ပါတယ်။ ဒါကြောင့် တရားစီရင်ရေးကဏ္ဍသည် လွတ်လပ်ရ မည်၊ သမာသမတ်ကျရမည်၊ တာဝန်ခံနိုင်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နေကြောင်းကို မြင်သာစေရမှာ ဖြစ်ပါ တယ်။
တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်း ဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ် နိုင်စေရန်၊ တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မား လာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အများသိရှိလာစေရန် ရည်ရွယ်၍ တရားရုံး နှစ်စဉ် အစီရင်ခံစာများကို ထုတ်ပြန်ဆောင် ရွက်ခဲ့ခြင်းဖြင့် တရားရုံးလုပ်ငန်း ဆောင်ရွက်ချက်များကို တရားစီရင်ရေးကဏ္ဍနှင့် ပတ်သက်နေသူများသာမက အများပြည်သူကပါ ပွင့်လင်းမြင်သာစွာ သိရှိနားလည် ခွင့်ရရှိလာခြင်းသည် တရားစီရင်ရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။
တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်ထမ်းဆောင် ရာမှာ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ် တည်ကြည်မှုတို့သည် မရှိမဖြစ်လိုအပ်ပြီး သာတူညီမျှမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ ဂုဏ်သိက္ခာရှိမှု တို့ဟာလည်း အရေးပါလှပါတယ်။ နိုင်ငံတစ်ခု၏ တရား စီရင်ရေးစနစ်ကို ဆက်လက်တည်မြဲစေတဲ့အရာမှာ တရားရုံးများ၏ လွတ်လပ်မှု၊ တရားရုံးများမှ တရားသူကြီး များ၏ ဖြောင့်မတ်တည်ကြည်မှု၊ တရားရုံးများ၏ လုပ်ငန်းစဉ်များ သမာသမတ်ကျမှုနှင့် ထိရောက်မှုတို့ကို အများပြည်သူက ယုံကြည်ကိုးစားမှုရှိခြင်းပင် ဖြစ်ပါ တယ်။ တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုသည် တရားစီရင်ရေးအဖွဲ့အစည်း၏ လွတ်လပ်မှု၊ သမာသမတ် ကျမှုနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ မူများကို ပျက်ယွင်းစေတဲ့အပြင်၊ တရားစီရင် တရားမျှတမှုစနစ် တစ်ရပ်လုံးအပေါ်လည်း အများပြည်သူ၏ယုံကြည်ကိုး စားမှုကို ကျဆင်းစေပါတယ်။
နိဂုံးချုပ်အနေနဲ့ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန်ဖို့အတွက် တရားရုံးအဆင့်ဆင့်ရဲ့ အမှုစစ်ဆေးစီရင်မှုများ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက် နိုင်မှု၊ မှန်ကန်မှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ အဂတိတရား ကင်းစင်မှုတို့ဟာ အဓိကကျပါတယ်။ သို့အတွက် တရား စီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန် တည်တံ့ခိုင်မြဲရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး၊ ပြည်သူများ ယုံကြည် အားကိုးသည့် တရားစီရင်ရေး ဖြစ်ထွန်းရေးအတွက် တရားစီရင်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တရားသူကြီးများ၊ တရားရုံးများ၊ တရားစီရင်ရေးကဏ္ဍ နှင့်ဆက်စပ်တဲ့ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအရာရှိ များ၊ ရှေ့နေရှေ့ရပ်များ၊ ပြည်သူများနဲ့ သတင်းမီဒီယာ များက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။