
နေပြည်တော် ဇန်နဝါရီ ၆
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီကာရာဂွာသမ္မတနိုင်ငံသမ္မတနှင့် ဒုတိယသမ္မတတို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာပြည်သူများအားလုံးနှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။
နှစ်နိုင်ငံပြည်သူများအကြား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးချစ်ကြည်မှုတို့ ဆက်လက်ခိုင်မာလာစေရန်နှင့် ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရဲစွမ်းသတ္တိရှိသည့်စိတ်ဓာတ်တို့ ခိုင်မာလာစေရန်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မြန်မာပြည်သူများအားလုံး လွတ်လပ်ရေးကို အစဉ်အမြဲရရှိခံစားနိုင်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နီကာရာဂွာနိုင်ငံမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။