ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်   ဇန်နဝါရီ  ၁၄


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ  နိုင်ငံအကြီးအကဲများက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

၂၀၂၂ ခုနှစ်၊ နှစ်သစ်အခါသမယတွင် ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ 

 


ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တို့သည် နွေးထွေးပြီး ကာလရှည်ကြာသော ဆက်ဆံရေးကို ထူထောင်ထားကြပြီး    ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏    အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်  ထမ်းဆောင်စဉ်ကာလအတွင်း  ထောက်ပံ့ ပေးမှုများအတွက်   ကျေးဇူးတင်ရှိကြောင်း  ပြောကြားလိုပါသည်။ မြန်မာနိုင်ငံမှာ အာဆီယံမိသားစုအတွက် အရေးပါသည့် အဖွဲ့ဝင်နိုင်ငံ အနေဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မိမိအနေဖြင့် ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ဒေသတွင်းကြိုးပမ်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့် ပါသည်။ 

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    (၇၄)  နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများထံ ဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ပြောကြားလိုပါသည်။
  အဆွေတော် ဆက်လက်၍ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။