
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာစကားပြောကြား
===============================================================
နေပြည်တော် ဖေဖော်ဝါရီ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ ယာယီ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်း တို့ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်မှ တာဝန်ယူပြီးနောက်ပိုင်း အစိုးရအဖွဲ့ ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်း ဆိုင်ရာများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေး ခန့်အပ်ခြင်းဖြစ်ပြီး ယခုခန့်အပ်ခြင်း ခံရသည့် ပြည်ထောင်စုဝန်ကြီးများ သည် နိုင်ငံတော်အတွက်၊ တိုင်းပြည် အတွက် အမှန်တကယ် ဆောင်ရွက် နိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ကို ယုံကြည်ကြောင်း၊ အားလုံးသည် အတွေ့အကြုံရှိပြီး အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံနှင့် အရည်အချင်း များကို အသုံးချပြီး မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက် ရန်အတွက် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ် သည် စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းသည် ပိုမို ကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တာဝန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်း တိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင် ဆောင်ရွက်မည်ဆိုသည့် မူနှင့်သာသွားစေချင်ကြောင်း၊ အဓိကမှာ တိုင်းပြည်အနေနှင့် ဖြတ်သန်းလာရသည့် ဒီမိုကရေစီအစိုးရနှစ်ခု၏ တိုင်းပြည်၏အတွေ့အကြုံနှင့် နိုင်ငံတကာ၏အတွေ့အကြုံများကိုကြည့်ပြီး ကောင်းသည့် အချက်များကို ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင် ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်းရှိသလို အဆိုး များလည်းရှိကြောင်း အစိုးရ၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေး မူဝါဒ၊ ကြားနေမူဝါဒနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်တွင် ခိုင်ခိုင် မာမာရပ်တည်၍ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီ သည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်သာ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်းဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆောင်ရွက်သွားမည်
ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှာကြား ရာတွင် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အား အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းစိစစ်မှုများနှင့် ပတ်သက်၍ တပ်မတော်မှထုတ်ပြန်ချက်များသည် ခိုင်မာမှုရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုများအား တပ်မတော်မှ စတင်သိရှိချိန် တွင် ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် ယခင်ရွေးကောက်ပွဲကော်မရှင် မှ တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ မြို့နယ် ၃၁၄ မြို့နယ်ကို စိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ စစ်ဆေးတွေ့ရှိချက် များတွင် နည်းပညာအရ ကွန်ပျူတာ၏ ဖတ်ရှုမှု Error အနည်းငယ်မှလွဲ၍ ကြီးမားစွာမှားယွင်းမှု မရှိကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းများအား ဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရှိစေရန်အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းများအပေါ်မူတည်၍ စာရင်းများ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ မှတ်ပုံတင်မရရှိသေးသည့် နိုင်ငံသားများအား အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင် မရရှိသေးသည့် တိုင်းရင်းသားများရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။
အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေး
ဆက်လက်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ မှာကြားရာတွင် ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များသည် ပြင်ဆင်ချက်မထုတ်ပြန်မီအချိန်အထိ အတည်ပင် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း စည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်ပမှမှာယူထားသည့် ကာကွယ်ဆေးများ ရောက်ရှိရေးအတွက်လည်း လိုအပ်သည့် လေယာဉ် ဖြတ်သန်းခွင့်ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြား တွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာ သင့်ကြောင်း၊ အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသား များအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေး စီမံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းများတွင် ကုသခြင်းမှာ ကုန်ကျစရိတ်များကြောင်း၊ ကာကွယ်မှုကို ဆောင်ရွက်ရာတွင် လူအများကို ကူးစက် ခံမည့်အစား စစ်ဆေးမှုများ ပိုမိုပြုလုပ်၍ ထိန်းချုပ် ဆောင်ရွက်ပါက ကူးစက်မှုများ လျော့ကျသွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံတွင်လည်း မြို့လုံးကျွတ် စစ်ဆေးပြီး ကူးစက်သူများကို ခွဲထုတ်၍ ထပ်မံကူးစက်မှုများကို လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေနှင့် လည်း အတတ်နိုင်ဆုံးစစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သာမက သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပူးပေါင်းကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်း များအား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်အကိုင်ရရှိမည်
ယင်းနောက် စီးပွားရေးနှင့်ပတ်သက်၍ မှာကြား ရာတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ယခုကာလတွင် အကြောင်း အမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသဖြင့် စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံ၍ ဆောင်ရွက်ကြကြောင်း၊ နိုင်ငံ့စီးပွားရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပစ်ပယ်ထား၍ မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် လူဦးရေ ခုနစ်ဘီလီယံကျော် ရှိကြောင်း၊ ထို့ကြောင့် ရိက္ခာလိုအပ်ချက် အမြဲရှိနေမည် ဖြစ်ကြောင်း၊ အဆိုပါရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံရှိ ပြည်သူများ အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကို နာလန်ထူအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင် များရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုကြောင်း၊ ရပ်တန့်ထားသည့် စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အချို့ စက်ရုံအလုပ်ရုံများသည် COVID-19 စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင် နေကြသူများအား သွားလာရေးစည်းကမ်းများ စနစ်တကျ ရှိစေရန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါကာကွယ်ရေး အတွက် လိုအပ်သည့်ပစ္စည်းများကို အသက်သာဆုံးဈေးနှုန်း များဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည် များကို နိုင်ငံတော်မှ ကျခံဆောင်ရွက်ပေးရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးရန်ပုံငွေများမှ မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး COVID-19 စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိ အဖွဲ့ အစည်းအသီးသီးမှ ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူ များအနေဖြင့် တာဝန်သိစွာဖြင့် လိုက်ပါဆောင်ရွက်ရန် လိုကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုမှ အသိပညာများရရှိစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ကြားပေးရန်လိုကြောင်း၊ ပြန်ကြား ပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် မူဝါဒအတိုင်း ဖျော်ဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းသည့် ဖျော်ဖြေမှုများ ဖြစ်ရန်လိုကြောင်း၊ ခေတ်မီသည်ကို အားပေးသော်လည်း ခေတ်လွန်သည်ကို အားမပေးကြောင်း၊ COVID-19 ကြောင့် ဖြစ်ပွားလာသည့် စီးပွားရေးကျဆင်းမှုကို ပြန်ပြီး နာလန်ထူလာအောင် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့် အညီ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောင် ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရတာဝန်မယူမီ မိမိတို့အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန် လိုကြောင်း၊ အခြေအနေအမျိုးမျိုးကြောင့် ယိမ်းယိုင် နေသည့် အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန် လိုကြောင်း၊ တိုင်းပြည်ကို တည်ငြိမ်အောင်ဆောင်ရွက် ရာတွင် ဥပဒေအရ ဆောင်ရွက်ရမည်များရှိကြောင်း၊ အရေးပေါ်ကာလ တစ်နှစ်သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ကိစ္စကို ဆောင်ရွက် သည်ဖြစ်စေ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
မှာကြား
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်အတွက် လိုအပ်သည့် သန်းခေါင်စာရင်းများ မှန်ကန်အောင် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဘုရား၊ စေတီပုထိုးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များမှ COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရန် ကိစ္စရပ် များ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး အတွက် COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရန်ကိစ္စရပ်များအား မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများက မိမိတို့ ဝန်ကြီးဌာနအလိုက် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်