
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၁။ မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေနဲ့ တရားရုံးရဲ့ရှေ့မှောက်မှာ ၎င်းတို့ရဲ့ လျှောက်လဲ ချက်အသီးသီးကို တာဝန်ကျေပွန်စွာနဲ့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ အမှုတွဲရောက်ရှိနေတဲ့အဆင့် ကတော့ တရားရုံးမှ တရားစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိနှင့် သက်ဆိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များသာဖြစ်ပြီးတော့ အဆိုပါကိစ္စများအပေါ်တွင်သာ မိမိတို့အနေနဲ့ အလေးထားလျှောက်လဲခဲ့ခြင်းဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပင်မအမှု(merits)နှင့် ဆိုင်တဲ့ အကြောင်းခြင်းရာများကို ရှောင်ရှား၍ လျှောက်လဲခဲ့တာဖြစ်ပါတယ်။
၂။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က ရှေ့နေကြီးများကတော့ဖြင့် ကနဦးကန့်ကွက်လွှာ ကြားနာပွဲနဲ့ သက်ဆိုင်ဆီလျော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်လျှောက်လဲခဲ့တာကို တွေ့ရပါတယ်။ ထိုသို့သော လျှောက်လဲချက်များဟာ တရားရုံးတော်ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျော်ကန်သင့်မြတ်နေခြင်း မရှိပါဘူး။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစွပ်စွဲ ချက်များအပေါ် တုံ့ပြန်သွားရမည့် ကာလံဒေသံမဟုတ်တာကြောင့် တုံ့ပြန်ပြောဆိုသွားမှာ မဟုတ်ပါဘူး။ မိမိတို့အနေနဲ့ တရားရုံးတော်သို့ ဦးတည်ရည်ရွယ်၍ တင်ပြခြင်းမဟုတ်ဘဲ ယခု The Great Hall ခန်းမကြီးရဲ့ အပြင်ဘက်ဆီက ပရိသတ်များကို ရည်ရွယ်သည့် ရှင်းလင်းပြောကြားချက်များအား လျှောက်လဲ၍ တရားရုံးရုံးတော်ရဲ့ တန်ဖိုးရှိလှသောအချိန်ကို အဆုံးရှုံးခံစေမှာ မဟုတ်ပါဘူး။ မိမိနားလည်ထားတာကတော့ ထိုစွပ်စွဲချက်များကတော့ဖြင့် တရားရုံးအနေနဲ့ ပင်မအမှု (merits) ကို ဆက်လက်တရားစီရင်ပိုင်ခွင့် ရှိ မရှိကို မဆုံးဖြတ်ရသေးမီ မြန်မာနိုင်ငံအား လူမျိုးတုံးစေမှုကို ကျူးလွန်သူများအဖြစ် ဂုဏ်သရေရှိ တရားသူကြီးများနှင့် အများပြည်သူတို့ ယူဆလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာဘက်က ရှေ့နေကြီးများဟာ တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order)ချမှတ်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်ချက်တွေကို ငြင်းဆိုပြီး ဖြစ်လို့ ခုမြန်မာအစိုးရကတင်သွင်းတဲ့ ကနဦးကန့်ကွက်ချက်များကို အလေးအနက်ထား စဉ်းစားနေရန် မလိုကြောင်း လျှောက်လဲခဲ့ပါတယ်။
၃။ ပထမဦးစွာ မိမိအနေနဲ့ လျှောက်လဲချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ တရားရုံးဆုံးဖြတ်ချက် အပိုဒ် (၈၅)အရ မိမိတို့ရပိုင်ခွင့်အားအသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒုတိယ အချက်အနေနဲ့ ကနဦးကန့်ကွက်လွှာအဆင့်တွင် ပင်မအမှု(merits)နှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ပေ။ ပင်မအမှု(merits)ရဲ့ မည်သည့်အဆင့်တွင်မဆို ဂမ်ဘီယာနိုင်ငံဟာ လျှောက်ထားသူအနေဖြင့် ၎င်းတို့၏ လျှောက်လဲချက်များကို သက်သေပြရမယ့် ဝတ္တရားရှိပါတယ်။ သို့သော် ယခုအချိန်ဟာဆိုရင်ဖြင့် ယင်းဝတ္တရားကို ဆောင်ရွက်ရမယ့်အချိန်၊ ဆောင်ရွက်နိုင်သည့် အခြေအနေမဟုတ်သေးပါဘူး။ အဘယ် ကြောင့်ဆိုသော် ယနေ့အချိန်အထိ ဂမ်ဘီယာ၏စွပ်စွဲချက်များကို တရားရုံးတော်ရှေ့မှောက်တွင် လက်ခံ ကြားနာနိုင်ခွင့် (သို့မဟုတ်) ၎င်းတို့၏စွပ်စွဲပြောဆိုချက်များကို သက်သေပြနိုင်ခွင့် မရှိသေးပါဘူး။ ထိုသို့ သော အခြေအနေမျိုးမှာ ဂမ်ဘီယာအနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ရန်မသင့်ပါဘူး။
၄။ သို့သော်လည်း ဂမ်ဘီယာဟာ ပင်မအမှု(merits)နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လျှောက်လဲ၍ ယခုကြားနာပွဲအား ကြားခံ(Platform)တစ်ခုအနေဖြင့် အသုံးချနေမှုအပေါ် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent)အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့ နိဂုံးချုပ်မိန့်ခွန်းတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေမှန်များနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လိုက်နာရေး ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုဆောင်ရွက်နေမှုများကို အနည်းငယ်ရှင်းလင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လေးစားလိုက်နာလျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ဥပမာအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဟာ လူမျိုးတုံး ပြစ်မှုကျူးလွန်မှုများနှင့် ကျူးလွန်သူများကို အပြစ်ပေးနိုင်ရေး၊ တရားစီရင်နိုင်ရေးတို့အတွက် ပုဒ်မများ ဖြည့်စွက်ကာ ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအား ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်ခုအနေဖြင့် တရားရုံးရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order) ကိုလည်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
၅။ မြေပြင်အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဟာဆိုရင်ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိပြီး အကြမ်းဖက်မှု ဖြစ်စဉ်များ ကြီးကြီးမားမားမရှိဘဲ ငြိမ်းချမ်းလျက်ရှိပါတယ်။
၆။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးတင်ပြချက် ဖတ်ကြားမှုကို နိဂုံးမချုပ်မီ ကျွန်တော့်အနေနဲ့ တင်ပြခဲ့ပြီးတဲ့ ချေပလျှောက်လဲချက်များအပေါ် တရားရုံးအနေနဲ့ ဂရုတစိုက် စိတ်ရှည်စွာ အာရုံစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယခုကြားနာပွဲကို ချောချောမောမောနဲ့ ထိရောက်စွာ ကျင်းပနိုင်ခဲ့တဲ့ မော်ကွန်းထိန်း (Registrar) နဲ့ ၎င်း၏ဝန်ထမ်းများအပါအဝင် ဘာသာပြန်ဆိုသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
၇။ တရားရုံး စည်းမျဉ်းများရဲ့ စာပိုဒ် ၂ ၊ ပုဒ်မ ၆၀ နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ နောက်ဆုံးတင်ပြချက်ကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
“မြန်မာနိုင်ငံ၏စာဖြင့်ပေးပို့ခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ကနဦးကန့်ကွက်လွှာ ဆိုင်ရာ ကြားနာပွဲတွင် တင်ပြခဲ့သည့် နှုတ်ဖြင့်လျှောက်လဲချက်များတွင်ပါရှိသော အကြောင်း ခြင်းရာများနှင့် တရားရုံးက သင့်လျော်သည်ဟုဆုံးဖြတ်သော အခြားသောအကြောင်းခြင်းရာ များကြောင့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးအား
(၁) ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့်မရှိကြောင်း
နှင့်/သို့မဟုတ်၊
(၂) ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးပါရန်”
ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျား၊
၈။ ကနဦးကန့်ကွက်လွှာဆိုင်ရာ ယခုကြားနာပွဲတွင် မြန်မာနိုင်ငံ၏ချေပမှုများကို ဤမျှဖြင့် နိဂုံးချုပ် အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။