
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့်စတုတ္ထအစည်းအဝေး၌
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်များ၊ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များသည် မိမိတို့ အကျိုးစီးပွား၊ ကျောင်းတိုက် အကျိုးစီးပွားကို အလေးထားတော်မမူကြဘဲ အရှင်မဟာကဿပ စသော ရှေးရှေးမဟာထေရ်မြတ်များ၏ ထုံးကို နှလုံးမူကြပြီး သာသနာတော်မြတ်ကြီး၏ အကျိုး စီးပွားကိုသာ ရှေးရှုတော်မူကြလျက် စုံစုံညီညီ ကြွရောက် ချီးမြှောက်တော်မူကြခြင်းကြောင့် တပည့်တော်အနေဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာပြုပါကြောင်း လျှောက်ထားအပ်ပါ သည်ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား-
တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပေါ်ပေါက်လာခြင်းသည် ထေရဝါဒဗုဒ္ဓသာသနာ တော်မြတ်ကြီးကို သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက် ရန် ပေါ်ပေါက်တော်မူလာခြင်းဖြစ်ပါသည် ဘုရား။ တပည့်တော်တို့ ရဟန်းသံဃာတော်များသည် သာသနာတော်၌ လုပ်ငန်းတာဝန်နှစ်ရပ်ဖြင့် နေထိုင်သီတင်းသုံးတော်မူကြသည့် အားလျော်စွာ ဂန္ထဓုရ လုပ်ငန်းတာဝန်များကို ဆောင်ရွက် တော်မူကြသော ပရိယတ္တိစာသင်တိုက်များကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း၊ ဝိပဿနာဓုရတာဝန်ကို ဆောင်ရွက်တော်မူကြ သော ကမ္မဋ္ဌာန်းကျောင်းတိုက်များကလည်း မိမိတို့ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း၊ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တို့ကလည်း အကြောင်း အားလျော်စွာ ဖြစ်ပေါ်လာသည့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန် စွာ ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ဖြင့် သုံးပွင့်ဆိုင် ညီညီညွတ်ညွတ် ဓမ္မာနုဂ္ဂဟ ကုသိုလ်ထူးကို ဆောင်ရွက်တော်မူကြရန် လျှောက် ထားအပ်ပါသည်ဘုရား။ ထိုသို့ ဆောင်ရွက်တော် မူကြပါလျှင် ဤလောက၌ မကြည်ညိုသေးသော သူတို့ ကြည်ညိုလာကြခြင်း၊ ကြည်ညိုပြီးသော သူတို့ကလည်း ပို၍ ကြည်ညိုလာကြခြင်းဖြင့် သဗ္ဗညုဘုရားရှင်၏ သာသနာတော်ကြီးသည် ပြစ်မျိုးမတင် အညစ်အကြေးကင်းစင်၍ သန့်ရှင်း စင်ကြယ်စွာ ကြာရှည်အစဉ်တည်တံ့နေမည်သာ ဖြစ်ပါသည်ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား-
မြတ်စွာဘုရားရှင်သည် သာသနာတော်မြတ်ကြီး အညစ်အကြေးကင်းစင်၍ ထိန်လင်းတောက်ပ နေရန်အတွက် လက်ဆင့်ကမ်းထမ်းဆောင်ကြမည့် ပဉ္စဝဂ္ဂီ ငါးပါးတို့နှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ စသော သာဝကတို့ကို ရှင်ရဟန်းပြုပေးတော်မူလျက် သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းတည်ထောင် ပေးတော်မူခဲ့ရာ ယခုမျက်မှောက်ခေတ် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို တာဝန်ထမ်းဆောင် တော်မူကြသည့် သံဃာထုတိုင်အောင် လက်ဆင့်ကမ်း ထမ်းဆောင်တော်မူခဲ့ကြပြီး နှစ်ပေါင်း(၂၅၆၅)နှစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည် ဘုရား။ တပည့်တော် တို့၏ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၊ ဂိုဏ်းအသီးသီးမှ သာသနာ့ဦးသျှောင် ဆရာတော် ကြီးများသည်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သာသနာပြု ကုသိုလ် အထောက်အပံ့ကို ရယူလျက် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးကို ကျင်းပကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းတော်မူခဲ့ကြပါသည်။ ယင်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းပြီး သာသနာတော် သန့်ရှင်းရေး၊ သာသနာတော် တည်တံ့ရေး၊ သာသနာတော် ပြန့်ပွားရေးဟူသော ဦးတည်ချက် သုံးရပ်ကို ချမှတ်ကာ “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူနှင့်အညီ သာသနာ တော်ကိစ္စရပ်များကို ဆောင်ရွက်လာခဲ့ကြသည်မှာ အဋ္ဌမသက်တမ်းတိုင်အောင် ရောက်ရှိခဲ့ရာ နှစ်ပေါင်း (၄၂) နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါသည်ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား-
ထိုသို့ ဘုရားရှင်လက်ထက်တော်မှသည် ယနေ့ ခေတ်တိုင်အောင် အယူသီလ တူမျှကြသည့် သံဃာ့ အဖွဲ့အစည်းကြီးသည် စည်းကမ်းပြည့်ဝ သိပ်သည်း ကျစ်လျစ်လှသည့် အဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာပေါ် ရှိ မည်သည့်အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်မရနိုင်သည့် မြင့်မြတ်လှသော အဖွဲ့အစည်းကြီးပင်ဖြစ်ပါသည်ဘုရား။ ထိုသို့သော အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရကြ သည့် တပည့်တော်တို့ သံဃာထုတစ်ရပ်လုံးသည် မိမိတို့ ကိုယ်ကျင့်တရားဆိုင်ရာ သီလသမာဓိပညာ သိက္ခာ(၃)ပါး မြင့်မားသည်ထက် မြင့်မားရေး၊ မိမိတို့ ထမ်းဆောင်ကြရသည့် ဓုရနှစ်ဖြာ တာဝန်အသီးသီး ကျေပွန်ရေးနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ် လုပ်ငန်းတာဝန်အသီးသီး ကျေပွန်ရေးတို့ကို ဆောင်ရွက်တော်မူကြပါလျှင် သာသနာတော် မြတ်ကြီးသည် နှစ်ပေါင်းငါးထောင်မက တည်တံ့ နေမည်သာဖြစ်ပါသည်ဘုရား။
ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား-
ယခု အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တတိယနှင့်စတုတ္ထ အစည်းအဝေး ဟူသည် ယမန်နှစ် ၁၃၈၂ ခုနှစ်၊ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ အခြေအနေအရ ကျင်းပနိုင်ခြင်း မရှိခဲ့၍ အကြိမ်ရေနှင့်လုပ်ငန်းစဉ်များ ဟပ်မိစေရန် အတွက် တတိယနှင့် စတုတ္ထအစည်းအဝေးဟု အမည်တင်ကျင်းပရခြင်း ဖြစ်ပါသည်ဘုရား။ ဤအစည်းအဝေးကြီး၏ ထူးခြားချက်မှာ ယခင် ၂၅ ရာခိုင်နှုန်း အနားယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ကို ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး အနားယူ အစားထိုးခြင်း မူသစ်အရ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မူသစ်အရ အနားယူ အစားထိုးလုပ်ငန်းများ ဆောင်ရွက်ကြရသည့် အရေးကြီးသော အစည်းအဝေး ကြီးတစ်ရပ်လည်းဖြစ်ပါသည်ဘုရား။ ထိုသို့ဆောင် ရွက်ကြရာ၌ ဘုရားရှင်သည် မိမိ၏ တပည့်သာဝက၊ သာဝိကာတို့ကို တတ်သိလိမ္မာရှိသူများ ဖြစ်စေချင် သည်၊ ကောင်းစွာဆုံးမပြီးသူ ကောင်းစွာယဉ်ကျေး ပြီးသူများ ဖြစ်စေချင်သည်၊ ရဲရင့်သူ အကြားအမြင် များသူ သုံးပုံပိဋက တရားမြတ်ကို ဆောင်ထားနိုင် သူများ ဖြစ်စေချင်သည်၊ အရိယာမဂ် အားလျော်သော ဝိပဿနာအကျင့်မြတ်ကို ကျင့်နိုင်သူ၊ လျောက်ပတ် သောအကျင့်ကို ကျင့်နိုင်သူ၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိသူများ ဖြစ်စေချင်သည်၊ မိမိတို့ဆရာ မြတ်စွာဘုရားရှင်ကဲ့သို့ သင်ယူ၍ ဟောနိုင်၊ ပြောနိုင်၊ ပြသနိုင်၊ တည်တံ့စေနိုင်၊ ဖွင့်ဆိုနိုင်၊ ဝေဖန်နိုင်၊ ပေါ်လွင်စေနိုင်သူများ ဖြစ်စေချင်သည်၊ ပေါ်ပေါက် လာသည့် သူတစ်ပါးတိုင်း၏ အယူဝါဒကို အကြောင်း မှန်နှင့်တကွ ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်သူများ ဖြစ်စေချင်သည် (ဒီ၊ ၂၊ ၈၇၊ သံ၊ ၃၊၂၂၈) ဤစကားတော်ဖြင့် သာဝက အဆက်ဆက်တို့အပေါ်၌ ဘုရားရှင်ထားတော် မူခဲ့သော ဆန္ဒတော်အတိုင်း လိုက်နာကျင့်သုံးကြပြီး ဆောင်ရွက်တော်မူကြရန် လျှောက်ထားလိုပါသည် ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား-
သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာတို့ကိုဆောင်ရွက်ကြရာတွင် “သုခါ သံဃဿ သာမဂ္ဂီ” ဟူသော ဒေသနာတော်နှင့်အညီ ညီညွတ် ရေးသည် အလွန်အရေးကြီးလှပါသည် ဘုရား။ မူသစ်အရ သာသနာတော်ကိစ္စရပ်များကို ဆောင် ရွက်ကြရမည့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ သည် ညီညီညွတ်ညွတ်ဖြင့် သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းအခန်း(၁၀)ပါ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အလိုက် သတ်မှတ် ထားသည့်အတိုင်း အစည်းအဝေးများ ကျင်းပရန် ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက် သွားကြရန်လည်း တိုက်တွန်းလျှောက်ထားလိုပါသည်ဘုရား။ ထိုသို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြပါလျှင် အတ္တပရ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားထွန်းကားနိုင် သည်သာမက ယောဂလေးဖြာကုန်ဆုံးရာ နိဗ္ဗာန် ကိုလည်းရနိုင်ပြီး သာသနာပြုကုသိုလ်ကြောင့် လည်း နတ်ရွာ သုဂတိသို့ ရောက်နိုင်သည့်အပြင် ကမ္ဘာတည်သမျှ ကာလပတ်လုံးလည်း ဝမ်းမြောက် ဝမ်းသာဖြစ်နိုင်ပါကြောင်း ဝိနည်းဒေသနာတော်ပါ ဂါထာဖြင့် လျှောက်ထားလိုပါသည် ဘုရား-
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနဉ္စ နုဂ္ဂဟော။
သမဂ္ဂရတော ဓမ္မဋေ္ဌာ၊ ယောဂက္ခေမာ န ဓံသတိ။
သံဃံ သမဂ္ဂံ ကတွာန၊ ကပ္ပံ သဂ္ဂမှိ မောဒတိ။
(ဝိ၊ ၄၊ ၃၆၉)
“သံဃဿ၊ သံဃာတော် အရှင်မြတ်အပေါင်း၏။ သာမဂ္ဂီ၊ တစ်စုတပေါင်းတည်း ဖွဲ့စည်းညီညွတ် ခြင်းသည်။ သုခါ၊ လူနတ် ဗြဟ္မာသတ္တဝါတို့အဖို့ ချမ်းသာလှပါပေ၏။ သမဂ္ဂါနံ၊ တစ်စုတပေါင်းတည်း ဖွဲ့စည်းညီညွတ်ကြသော သံဃာတော်အရှင်မြတ် တို့အား။ အနုဂ္ဂဟော စ၊ ချီးမြှောက်ပူဇော်သော သူသည်လည်း။ သမဂ္ဂရတော၊ ညီညွတ်ပေါင်းစု ဖွဲ့စည်းမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်လျက်။ ဓမ္မဋ္ဌော၊ မဂ်ဖိုလ် နိဗ္ဗာန်ရကြောင်းမှန်သော တရား တော်၌ တည်တံ့သည်ဖြစ်၍။ ယောဂက္ခေမာ၊ ယောဂလေးဖြာကုန်ဆုံးရာ နိဗ္ဗာန်မှ။ န ဓံသတိ၊ အမှန်ပိုင်ပိုင် ရနိုင်သည်ဖြစ်၍ မပျက်စီး မဆုံးရှုံးနိုင် ချေ။ သံဃံ၊ သံဃာတော်အရှင်မှန် အရှင်မြတ် အပေါင်းကို။ သမဂ္ဂံ၊ တစ်စုတပေါင်း တည်းဖြစ်အောင်။ ကတွာန၊ ဆရာဒကာစုပေါင်း၍ ပြုကြသော ကောင်းမှုကုသိုလ်စေတနာကြောင့်။ ကပ္ပံ သဂ္ဂမှိ၊ နတ်ပြည်၌ ဖြစ်ပြီးလျှင် ကမ္ဘာရှည် သရွေ့ တည်သရွေ့ ကာလပတ်လုံး။ မောဒတိ၊ ဝမ်းမြောက်ဝမ်းသာဖြစ်ရ ပေသတည်း” ဟူ၍ လျှောက်ထားရင်း တပည့်တော် ၏ အဖွင့်သာရဏီယ ဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည်ဘုရား။