
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း
============================================================================================
( ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် )
ယနေ့အခမ်းအနားသို့ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ်တည်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်း နေထိုင်ကြတဲ့ သမိုင်းကြောင်း အစဉ်အလာကောင်းများရှိ တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉ ရာစုထဲမှာ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ရဲ့ မတရားကျူးကျော်မှုကြောင့် စစ်ပွဲသုံးကြိမ် ဆင်နွှဲခဲ့ရပြီး နောက်ဆုံး ဗြိတိသျှတို့ရဲ့ ကိုလိုနီကျွန်ပြုခြင်း ခံခဲ့ရကာ နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ကိုလိုနီနယ်ချဲ့တို့ရဲ့ခေတ်၊ စနစ်တွေအောက်မှာပဲ မျိုးချစ်လူငယ်တွေဟာ နိုင်ငံရေးအတွေးအမြင်တွေ မြင့်မား လာကြပါတယ်။ မျိုးချစ်လူငယ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ တိုင်းသိပြည်သိ မျိုးချစ်ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့ပြီးနောက် အခြားသော မျိုးချစ်ပုဂ္ဂိုလ် များ၊ ရဲဘော် ရဲဘက်များ၊ တိုင်းရင်းသားပြည်သူများနဲ့အတူ အသက်၊ သွေး၊ ချွေးတွေ ရင်းနှီးပြီး မဆုတ်မနစ်ကြိုးစားခဲ့မှု ကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအောက် မှာ တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ ဗျတ္တိ အပြည့်နဲ့ ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြလို့ လွတ်လပ်ရေး ကို အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မျိုးချစ်ခေါင်းဆောင်ကြီးများနဲ့ ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး အစဉ်ထာဝရတည်တံ့ပြီး အချုပ်အခြာ အာဏာ ခိုင်မြဲစေဖို့အတွက် လွတ်လပ်ရေးနေ့ အမျိုး သားရေး ဦးတည်ချက်တွေကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် သွေးစည်း ညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွား ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင်လည်း ကျွန်တော်တို့ နိုင်ငံသားအားလုံး သားစဉ် မြေးဆက်တာဝန်အဖြစ် ဦးလည်မသုန် ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီလို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက် ထားပြီး နိုင်ငံတော်အစိုးရက ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်အခါမှာ နိုင်ငံတော်လုံခြုံ ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနဲ့ အခြားသော နိုင်ငံတော်တည်ဆောက်ရေး တာဝန်တွေမှာ နိုင်ငံချစ်စိတ်ကို အရင်းတည်ပြီး အများအတွက် မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ် များ၊ နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်ခဲ့တဲ့ပုဂ္ဂိုလ် များ၊ အနုသုခုမ ပညာရပ်များမှာ ထူးခြားကောင်းမွန်စွာ တတ်မြောက်ခဲ့တဲ့ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနဲ့ အခြားသော ပညာရပ်တစ်ခုခုမှာ ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်များ၊ မိမိရဲ့အသက်နဲ့ ခန္ဓာကိုယ် ကို ပဓာနမထားဘဲ နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ ကြိုးပမ်းထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို ယနေ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ် အခါသမယ မှာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမှာ ဖြစ်ပါ တယ်။ ယခုလို အများထက် စွန့်လွှတ်စွန့်စား ထူးကဲ သာလွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ပြု ချီးမြှင့်ခြင်းဟာ ကောင်းမွန်တဲ့ အစဉ်အလာကောင်းတစ်ရပ် ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ၂၀၁၉ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ သိပ္ပကျော်စွာ ဘွဲ့ ရရှိခဲ့သူ တစ်ဦးနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ချီးမြှင့်ခဲ့တဲ့ သရေ စည်သူဘွဲ့ရရှိသူ တစ်ဦး၊ သီဟသူရဘွဲ့ရရှိသူ တစ်ဦး၊ သူရဘွဲ့ ရရှိသူ သုံးဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၁ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရရှိသူ တစ်ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ သုံးဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို ဂုဏ်ယူစွာနဲ့ တစ်ပေါင်းတည်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်းခံရသူများဟာ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ပေးအပ်လာ တဲ့ တာဝန်တွေကို စွမ်းရည်သတ္တိ ပြည့်ဝစွာ စွန့်လွှတ်စွန့်စား မှုအပြည့်နဲ့ မိမိရဲ့ ကိုယ်ကျိုးစီးပွားထက် အများအကျိုး၊ နိုင်ငံ့အကျိုးကို မျှော်ကိုးထမ်းဆောင်ခဲ့ကြတဲ့သူများ၊ ကြံ့ခိုင် တဲ့ စိတ်ဓာတ်၊ စံတင်ထိုက်တဲ့ စွမ်းရည်၊ ဂုဏ်ယူထိုက်တဲ့ စွန့်စားခြင်းမျိုးနဲ့ ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့တဲ့ ဂုဏ်ပြု သင့် ဂုဏ်ပြုထိုက်သူများ ဖြစ်ကြပါတယ်။ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်များမှာ နိုင်ငံတော်က မှတ်ကျောက် တင်ခြင်းခံရတဲ့ သင်္ကေတအမှတ်အသားဖြစ်တဲ့အတွက် ဒီနေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင်တော့တဲ့ ပုဂ္ဂိုလ်များအနေနဲ့လည်း သားစဉ် မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်း နိုင်ငံတော်နဲ့ ပြည်သူများကိုယ်စား အလေးအနက် ပြောကြားလိုပါ တယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဂုဏ်ပြု ချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟာ မင်္ဂလာ တရားတော်နဲ့အညီ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသလို ဆက်လက်ပြီး နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ အေးချမ်းသာယာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် မိမိတို့ရဲ့ သားစဉ်မြေးဆက်များကိုပါ ကြိုးပမ်းဆောင်ရွက်ကြစေဖို့ တိုက်တွန်းကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။