ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင် ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဧပြီ ၁၀

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်သမ္မတက အဆွေတော်အနေဖြင့် ယခုကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ကိုယ်စား မိမိ၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ လာရောက်ပြီး တက်ရောက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးနားချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်သကဲ့သို့ ချစ်ကြည်ရင်းနှီးသည့်နိုင်ငံ၊ ခွဲခွာ၍မရသည့် အိမ်နီးနားချင်းနိုင်ငံများ ဖြစ်ကြပါကြောင်း၊ မိမိအား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးချိန် နာရီပိုင်းအတွင်း အဆွေတော်တို့သမ္မတကြီးက ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပထမဆုံး ပေးပို့ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌက အဆွေတော်သမ္မတကြီးထံ မိမိတို့ သမ္မတကြီးမှ နှုတ်ခွန်းဆက်စကားပါးလိုက်ပါကြောင်း၊ မိမိအနေဖြင့် သမ္မတကြီး ရှီကျင့်ဖျင်၏ အထူး ကိုယ်စားလှယ်အဖြစ် အဆွေတော်သမ္မတကြီး၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးအလေးထားမှုကို ဖော်ပြနေခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် အချိန်ကာလကြာမြင့်စွာဖြင့် တည်ရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် ကာလရှည်ကြာစွာဖြင့် ကူညီဖေးမခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ထောက်ခံပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏အကျိုးစီးပွားများ ကာကွယ် ထိန်းသိမ်းရေးကို အစဉ်တစိုက် ထောက်ခံအားပေးပါကြောင်း၊ ယခု အဆွေတော် သမ္မတကြီးဦးဆောင်သည့် အစိုးရ၏ဆောင်ရွက်ချက်များအပေါ် မိမိတို့အနေဖြင့် ထောက်ခံ အားပေး ပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံ ရပ်တည်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပညာရေး၊ မီဒီယာနှင့် လူငယ်ရေးရာ စသောကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။  

သတင်းစဉ်