ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

အစိုးရအဖွဲ့အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ ထည့်သွင်းပြောကြား

 

နေပြည်တော် ဧပြီ ၂၀

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီး

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် မိမိတို့ အစိုးရအဖွဲ့၏ ပထမဆုံးအစည်းအဝေးဖြစ်ပြီး ငါးနှစ်တာကာလအတွက် လုပ်ဆောင်ရန် လိုအပ်သည်များကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အချိန်တွင် မီဒီယာများ၏မေးမြန်းမှုအပေါ် မိမိအနေဖြင့် ပြန်လည်ဖြေကြားရာ၌ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အလားတူ ပြည်သူများအား မှာကြားလိုသည်ကို မေးမြန်းခဲ့ရာ မိမိအနေဖြင့် တိုင်းပြည် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန် တိုက်တွန်းလိုပါသည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း။

 

တိုင်းပြည်တည်ငြိမ် အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဆိုသည့် အချက်အပေါ် မူတည်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းရှိ ပြည်သူ ပြည်သားများအနေဖြင့် ၎င်းတို့၏အကျိုးကို ဖော်ဆောင်ပေးနိုင်မှုအပေါ်ကိုကြည့်၍ အစိုးရ အဖွဲ့၏ တိုင်းပြည်အတွက် ဆောင်ရွက်မှုများကို ကြည့်ရှုကြခြင်းဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် အစိုးရအဖွဲ့ကို ပါတီစုံဒီမိုကရေစီ စနစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် တာဝန်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် တစ်ဦးချင်း စီးပွားဘဝများ တိုးတက်ရေး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပညာရေးနှင့် ကျန်းမာရေးသည် အရေးကြီးကြောင်း။

 

မိမိတို့နိုင်ငံ၏ ပညာရေးကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး ကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေး မဆုံးရှုံးမီကာလက စနစ်တကျသင်ကြားသည့် ပညာရေးစနစ် အားနည်းခဲ့ကြောင်း၊ ထိုအချိန်တွင် အခြားနိုင်ငံများ၌ စနစ်တကျဖြင့် သင်ကြားသည့် ပညာရေးစနစ်ကို ကျင့်သုံးနေကြ ပြီဖြစ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးပြီးချိန် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေရသဖြင့် ပညာသင်ကြားမှုများ အားနည်းချက်ရှိခဲ့ကြောင်း၊ အလားတူ လွတ်လပ်ရေးရရှိပြီးအချိန်တွင်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးပြဿနာများကြောင့် ပြည်သူများ ပညာ သင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များရှိခဲ့ကြောင်း။

 

ထို့ကြောင့် နောက်ပိုင်းတွင် ပညာမတတ်သူ ပပျောက်ရေးအတွက် “အ”သုံးလုံး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်တွင် ကျောင်းနေရာခိုင်နှုန်းမှာလည်း နည်းပါးခဲ့ ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါအချိန်ကတည်းက လူများစုပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ သို့သော် လူနည်းစု ပညာရေးမှာ ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာ အဆင့်မီသည့် ပညာရှင်များလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်သည့် ပါရဂူဘွဲ့ရရှိသူများအထိ များစွာရှိကြောင်း၊ အချို့ ပါရဂူဘွဲ့များသည် ပြည်ပနိုင်ငံများမှ ရရှိခြင်းမဟုတ်ဘဲ ပြည်တွင်း၌ပင် အောင်မြင်သည့် ပါရဂူများ ဖြစ်ကြကြောင်း၊ အလားတူ ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူများလည်း ရှိကြောင်း၊ ထို့ကြောင့် လူအများစုပညာရေးများ တိုးတက်လာစေရေး ပညာရေးနှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ပြီး မြှင့်တင်ပေးရန်လိုကြောင်း။

 

ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာ မူလတန်းတက်ရောက်သင်ကြားမှု မရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရရှိခဲ့သည့် အချက် အလက်များအရ မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိသည်ကို တွေ့ရှိနိုင်ကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမို တိုးမြှင့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍ အတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့် တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ ခြင်းပင်ဖြစ်ကြောင်း။

 

ပညာရေးအားနည်းချက်များကြောင့် အသိပညာများ အားနည်းပြီး ကျန်းမာရေးသည်လည်း အားနည်းသည်ကို တွေ့ရကြောင်း၊ အလားတူ အတတ်ပညာများ အားနည်းခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့် အလမ်းများရရှိမှု အားနည်းပြီး ဝင်ငွေနည်းပါးကာ အာဟာရပြည့်ဝစွာ စားသုံးနိုင်မှု မရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းများကို ပြန်လည်ဆန်းစစ် ကြည့်ပါက အဓိကအားဖြင့် စီးပွားရေးတိုးတက်မှု အားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိခြင်းများမှ စတင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြုပြင်ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

အားကစားကဏ္ဍ မြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက် လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေးနှင့် ခံယူချက်များ ကောင်းမွန်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ခေတ်အဆက်ဆက်တွင် စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြသော်လည်း အချို့အခြေခံပညာ ကျောင်းများသည် သတ်မှတ်ထားသည့်အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြသည်ကို တွေ့ရကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားပြုလုပ်နိုင် ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာ ကျောင်းများအားလုံး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ပေးမှုများကြောင့် လူငယ်များ၏ အခြေခံစိတ်ဓာတ်များ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကို အခြေခံပညာကျောင်းများမှ မွေးထုတ်ပေးသွားရန် လိုကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် အခြေခံပညာကျောင်းများမှစတင်၍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွာ ကြရန်လိုကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝိုင်းဝန်းဆောင် ရွက်သွားကြရန်လိုကြောင်း။

 

ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများ ဖြစ်ပေါ်လာသည့်အခါ နိုင်ငံရေး ပြဿနာများ ဖြစ်ပေါ်လာသည်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့ အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေး အားနည်းချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ပညာ ရေးကဏ္ဍကို မြှင့်တင်၍ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set) ကို မြင့်မားလာအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

 

အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် ပြည်သူများအနေဖြင့် အာဟာရပြည့်ဝစွာဖြင့် စားသုံး နိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်ရန်အတွက် နေ့စဉ်ဝင်ငွေများ ရရှိနေရန်လိုကြောင်း၊ အလားတူ ဒေသအလိုက် အသား၊ ငါးများကို ဖူလုံစွာဖြင့် ထုတ်လုပ်နေရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများ၊ တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း။

 

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်မြော်တွေးဆောင်ရွက်

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးခန့်သည် ကျေးလက်တွင်နေထိုင်ကြကြောင်း၊ ထိုအထဲတွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်ရေထွက်ကုန် လုပ်ငန်းများကို လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ ဒေသတွင်း နိုင်ငံများတွင် မြင့်မားသည်ဟု ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ ထိုအထဲတွင် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမွဲတေမှု ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ ဝင်ငွေများ တိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးကို မြှင့်တင်ပေးရန်အတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားပေး မြှင့်တင်ပေးသွားရန်လိုကြောင်း။

 

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ လူသားအရင်းအမြစ်များ ရရှိရေးအတွက် အခြေခံပညာ အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဘာသာရပ်များ သင်ကြားရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်၌လည်း လူသားအရင်းအမြစ်ကောင်းများ ရရှိရေးနှင့် ပတ်သက်၍ အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊

 

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများရရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကို ပိုမို တင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေ များစွာရရှိနိုင်မည် ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုက မဖြစ်မနေမြှင့်တင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်း။

 

စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများရရှိရေးအတွက် နိုင်ငံတော် အနေဖြင့် တတ်နိုင်သည့်ဘက်မှ  ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သွင်းအားစုများတွင် လိုအပ်သည့် ရေများလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရမည့် စီမံကိန်းကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် များစွာအရေးပါကြောင်း၊ အလားတူ သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်မှုများကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ရသကဲ့သို့ တစ်ဦးချင်း အနေဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူ၍ ဆောင်ရွက်ခြင်းထက်ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် MSME လုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက ဒေသတွင်းကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့် MSME လုပ်ငန်းများသည် ပိုမိုတိုးတက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက် စေရေးအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့် ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေးအတွက်လည်း သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်၊ ကောလိပ်အဆင့်မြှင့်တင်ခြင်းနှင့် တက္ကသိုလ်များ၊ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကို တိုးချဲ့ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေနိုင်မည့် Quick Win များကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနေခြင်းပင် ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည်မှာ အလုပ်လုပ်ရန် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ အနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်သည့် စက်မှုကုန်ထုတ် လုပ်ငန်းပင် ဖြစ်ကြောင်း၊ ဝါထွက်ကုန်များမှတစ်ဆင့် ဝါ၊ ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ် လုပ်ငန်းများအထိ အဆင့်ဆင့်သော အလုပ်အကိုင် အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ အလားတူ သယံဇာတ အများအပြားရှိပြီးဖြစ်သည့် ဝါး၊ ရော်ဘာတို့ကို  အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားမည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကောတို့အပါအဝင် ဥယျာဉ်ခြံမြေထွက်သီးနှံများကိုလည်း မိမိတို့အနေဖြင့် အဆင့်မြင့်ကုန်ထုတ်သီးနှံများအဖြစ် ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။

 

တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်ကျသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် စနစ်ကျသည့် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသအတွက်လိုအပ်သည့် စားသောက်ကုန်များ ဖူလုံစွာရရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်း စားသုံးမှု ဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံး ဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သွားလာရေး ခက်ခဲသည့် ဒေသများသို့ ရောက်ရှိစဉ် ဒေသခံများနှင့်တွေ့ဆုံ၍ အသား၊ ငါးများ ဈေးနှုန်း ကြီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဒေသတွင်း၌ မွေးမြူရေး လုပ်ငန်းများအား ပြင်ပမှတိရစ္ဆာန်အစာများဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ၎င်းတို့ အနေဖြင့် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲ တို့ကို အခြေခံသည့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည် ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတခြင်း၊ ထုတ်လုပ် မှုကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်း ဖြစ်ကြောင်း။

 

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခေတ်နောက်ကျ မကျန်ခဲ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အခြေခံလူတန်းစားများ ပညာရည် မြင့်မားစေရေး၊ ပညာရည်မြင့်မားသူများ အနေဖြင့် အိုင်တီနည်းပညာနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ရေး မိမိတို့ အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ်တွင် အားပေးထောက်ခံကြသူများရှိသကဲ့သို့ ဝေဖန်ထောက်ပြပြောဆိုမည့် အတိုက်အခံများသည်လည်း ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးအတွက် အမှန်တကယ် ကြိုးပမ်းအလုပ်လုပ်ကြရန်၊ အဂတိကင်းစွာဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း။

 

တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သော နေရာ ဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြသည်ကို တွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိသည့် သစ်တောသယံဇာတများ၊ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင် ထုတ်ယူ၍ ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြု နေကြကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်များအရ ဖြစ်ပေါ် လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်း ခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီနည်းလမ်း တကျပေါ်ပေါက်လာသည့် ရွေးချယ်ခံ အစိုးရအနေဖြင့် နိုင်ငံတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအား တရားဥပဒေအတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

အစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ

ထို့နောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက် သွားမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားရာ တွင် “ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရလွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကရက် ၁၀၀ လို့သတ်မှတ်လိုက်ပေါ့။ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနက ပြောတဲ့ PDF နဲ့ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေး အတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်းအလင်းဝင်တာတွေ အများကြီး ရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေအများကြီးပဲရှိတယ်။ လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။

 

EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်း မပြုတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျွန်တော် နှစ်ဖွဲ့ လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့  မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါလက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ပေါ့။ မနက်ဖြန် ကျရင်လည်း ကျွန်တော်တို့ကြေညာချက်တွေထုတ် မှာဖြစ်ပါတယ်။ ဒါလေးကြိုပြီး ကျွန်တော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့ လက်မှတ် ရေးထိုးထားပြီးတော့မှ ဒီငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့ ABSDF တို့ အဖွဲ့ တွေ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင် လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက်လက်မှတ်ရေးထိုးထား ပြီးတော့မှ သဘောတူညီချက် ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေး ခဲ့တဲ့အထဲမှာ Union Accord ရထားတဲ့ သဘော တူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့်ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့ မရဘူး။ ငြိမ်းချမ်းရေး လုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေး လုပ်ငန်းလုပ်သွား နောက်ကအဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ် ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက် တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ အဖွင့်မှာ ပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာ ဖြစ်နေကြတာပဲ ဖြစ်ပါတယ် ။ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်။ ” ယင်းနောက် နိုင်ငံတော် သမ္မတက အစိုးရအဖွဲ့ အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေနှုန်းထား တိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့် ပတ်သက်၍ သုံးသိန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲ အထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီ မုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့် ချေးပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံး စက်ကိရိယာချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေး မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ အနီးစခန်း လေဆိပ်အဆင့်မြှင့်တင်ခြင်း ကို ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများ အားလုံးကို တတ်နိုင်သရွေ့အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန် - မော်လမြိုင်လမ်း၊ ရန်ကုန် - ပြည်လမ်းတို့ကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း၊ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်းရထားလမ်း၌လည်း တံတား ပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရထားလမ်းများအပြင် ရထား စက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်းစခန်း ကိုးခု ၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းတို့ကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန စွမ်းရည်မြှင့်တင်သည့် ရှေ့ပြေး တက္ကသိုလ်များကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေး တက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာ ကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များအကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်ဝသည့်ကျောင်းများ ဖြစ်စေရေး အတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစား ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများ ခန့်အပ်၍ ကျန်းမာရေး မြှင့်တင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါကာကွယ်ရေး အန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများ အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက်လည်း မိမိတို့ အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက် ကောင်းအောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်း၏ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့် ပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်သွားကြမည်ဟူသည့် စိတ်ဖြင့် ကြံစည်လုပ်ကိုင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အထွေထွေဆွေးနွေးတင်ပြကြရာတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့်အမှာစာများ၊ MoU ၊ MoA စာချုပ်များ၊ တင်ဒါ ခေါ်ယူခြင်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များအား နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးမည့် အခြေအနေ၊ eID စာရင်း အချက်အလက် ကောက်ယူခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဧရာဝတီမြစ်ဆုံ အသိပညာပေးရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြကြသည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ အမှာစာများတင်ပြရာတွင် အချက်အလက်များ ခိုင်ခိုင်မာမာတင်ပြကြရန်လိုကြောင်း၊ တင်ဒါများခေါ်ယူရာတွင်လည်း သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန် ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန် ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဦးစားပေးပြီး ထူထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြ ရန်လိုကြောင်း။

 

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးကဏ္ဍများအပြင် သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရ အဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ကြောင့် ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးကြ ရန်လိုကြောင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျ သုံးစွဲသွားကြရန်လိုကြောင်းမှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်