ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

 

ယနေ့သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights – UDHR)  ထုတ်ပြန်ခဲ့သည့် (၇၃)နှစ် မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခါသမယ ဖြစ်ပါသည်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့် အရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို   ပြုလုပ်ကျင်းပလေ့ ရှိသည့် အားလျော်စွာ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ  ဤအထိမ်းအမှတ်အခါသမယကို    ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

 


မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ လွတ်လပ်ရေးရပြီး များမကြာမီ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ပြုလုပ်သည့်   ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း  အတည်ပြုထုတ်ပြန်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများက မဲခွဲ ဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ထောက်ခံမဲပေးခဲ့ပါသည်။ 

 


မဲခွဲဆုံးဖြတ်မှုရလဒ်အရ ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး အဆိုပါ ဒီဇင်ဘာလ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ 

 


လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍ မရသော မွေးရာပါအခွင့်အရေးဖြစ်သော်လည်း မိမိတို့၏ အခွင့်အရေး များကို ရရှိခံစားရာတွင် သူတစ်ပါး၏အခွင့်အရေးများကို လေးစား တန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှု မရှိရလေအောင် ကျင့်သုံးခြင်း မှာလည်း လူ့အခွင့်အရေး၏ အရေးပါသော အနှစ်သာရတစ်ရပ် ဖြစ်ပါသည်။

 


မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အဓိက အပြည်ပြည်ဆိုင်ရာ       လူ့အခွင့်အရေးသဘောတူစာချုပ်များ ဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights - ICESCR)၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child- CRC)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination  Against Women – CEDAW)နှင့်   မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Persons with Disabilities - CRPD) တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်များနှင့် ဆက်စပ်သည့် နောက်ဆက်တွဲ သဘောတူစာချုပ် အချို့ကိုလည်း ပါဝင်ချုပ်ဆိုခဲ့ပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၈)တွင်  နိုင်ငံသား၊   နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသကဲ့သို့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက်   ပြည်တွင်းဥပဒေများကိုလည်း   ပြဋ္ဌာန်း ကျင့်သုံးလျက်ရှိပါသည်။ 

 


(၇၃)နှစ်မြောက်   အပြည်ပြည်ဆိုင်ရာလူ့အခွင့်အ‌ရေးနေ့ အထိမ်း အမှတ်ဆောင်ပုဒ်မှာ “Equality – Reducing inequalities, advan-cing human rights” ဖြစ်ပြီး   မြန်မာမှုပြုပါက  “တန်းတူညီမျှဖို့ မညီမျှတာလျှော့ချကာ လူ့အခွင့်အရေးကိုမြှင့်တင်ကြ” ဖြစ်ပါသည်။ “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်” ဟူသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း  အပိုဒ်(၁)ပါ  ဖော်ပြချက် နှင့်လည်း  ဆက်နွှယ်လျက်ရှိပါသည်။

 

တန်းတူညီမျှရေးနှင့်  ခွဲခြား ဆက်ဆံမှုမရှိရေးတို့သည် လူ့အခွင့်အရေး၏ အခြေခံ အကျဆုံးသော အနှစ်သာရများလည်း ဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် မညီမျှ မှုများနှင့်   ခွဲခြားဆက်ဆံမှုများမရှိစေရေး   ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်သူပြည်သားများ၏ လူ့အခွင့် အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများ လျော့ကျစေရေး တို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင် အပါ အဝင် အခြားသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က  ချိတ်ဆက် ပူးပေါင်း၍ အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။

 


အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း လက်ရှိကာလသည် လူသား များ၏ အခြေခံအကျဆုံး အခွင့်အရေးတစ်ရပ်ဖြစ်သော  အသက် ရှင်သန်ခွင့်ကို အဓိကခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို တစ်ကမ္ဘာလုံးက ရင်ဆိုင်ကြုံတွေ့နေကြရသည့် ကာလဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူများ ကပ်ရောဂါ ဘေးမှ ကင်းလွတ်စေရေးအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ထိတွေ့၍ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်များကို   ကြိုးပမ်းအကောင် အထည်ဖော်လျက် ရှိကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း မည်သူ ကိုမျှ    ခွဲခြားချန်လှပ်ခြင်းမရှိဘဲ   ပြည်သူအားလုံး  တန်းတူညီမျှ ကာကွယ်ဆေးထိုးနှံခွင့်ရရှိရေးအတွက် အဓိကဦးစားပေး အစီအစဉ် တစ်ရပ်အနေဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံးကုစားနိုင်ရေးအတွက် ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်လည်း ရှေ့လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

 


ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေး များကို အပြည့်အဝခံစားရရှိပြီး ယင်းတို့၏ လူမှုဘဝမြင့်မားလာစေ ရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးမှာ အဓိကကျပါသည်။ 

 


သို့ပါ၍  နိုင်ငံအတွင်း   ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို   အလေးထားအကောင်အထည်ဖော် လျက်ရှိပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို သာတူညီမျှ ရရှိခံစား နိုင်ရေးအတွက် မျှော်မှန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ဟန်ချက်ညီညီ မြင့်မားလာစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်း များအနေဖြင့် တန်းတူညီမျှမှုရှိရေး အားလုံးပါဝင်နိုင်ရေးနှင့် ခွဲခြား ဆက်ဆံမှုမရှိရေး စသည့်လူ့အခွင့်အရေး အခြေပြုနည်းလမ်းများကို လေးစားလိုက်နာ ကျင့်သုံးဆောင်ရွက်ကြပါရန်    အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ပါသည်။