
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၆)နှစ်မြောက် အခါသမယ တွင် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ယနေ့လူသားတို့၏ လိုအပ်ချက်များကို အမှန်တကယ်ထင်ဟပ်စေသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
လွန်ခဲ့သည့် (၇၆) နှစ်က ကမ္ဘာမြေငြိမ်းချမ်းသာယာရေးနှင့် လုံခြုံမှု ရှိစေရေးတို့အတွက် မြင့်မြတ်သော ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂ ကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ သမိုင်းတွင်စေခဲ့ပါသည်။ ကမ္ဘာကြီး၏ ခက်ခဲရှုပ်ထွေးသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲကောင်း ပြောင်းလဲ နိုင်သော်လည်း အဖွဲ့အစည်း၏ အဓိကတန်ဖိုးဖြစ်သော “မတူကွဲပြားမှု များကြားမှ စည်းရုံးမှုရယူ၍ ငြိမ်းချမ်းသော၊ တရားမျှတသော၊ သာယာဝပြောသော ကမ္ဘာကိုဖန်တီးရန်” ရည်ရွယ်ချက်မှာ မပြောင်းလဲ ဘဲ တည်ရှိပါသည်။
ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးသည်လည်း ယင်းကမ္ဘာ့စိန်ခေါ်မှုအား ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံများအကြား ပိုမိုခိုင်မာသည့် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်းကို ပြသလျက် ရှိသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ မျှော်လင့်ချက်ဖြင့် ကြံ့ခိုင်မှုရှိစေရန်၊ ကိုဗစ်-၁၉ကပ်ရောဂါမှ ပြန်လည် နာလန်ထူထောင်ရန်၊ ရေရှည်တည်တံ့စွာပြန်လည်တည်ဆောက်ရန်၊ ကမ္ဘာမြေ၏ လိုအပ်ချက်များကိုတုံ့ပြန်ရန်၊ လူ့အခွင့်အရေးကို လေးစား လိုက်နာရန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းကို ပြန်လည်ရှင်သန်တက်ကြွ စေရန်”ဟူသော ဆောင်ပုဒ်သည် ယနေ့ခေတ်ကမ္ဘာကြီး၏ လက်တွေ့ အခြေအနေကိုထင်ဟပ်ကာ လျော်ကန်မှုရှိပါသည်။ ကုလသမဂ္ဂ အနေဖြင့် နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားဖြည့်ပေးရန်နှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံတကာအခင်းအကျင်းများဖြစ်စေရန် ဆောင်ရွက်ရမည့် အချိန်ကောင်းဖြစ်ပါသည်။ ထိုနည်းလမ်းများ ဖြင့်သာ လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာလိုအပ်ချက်နှင့် လိုလားချက်များကို အကောင်းဆုံး ဖြည့်ဆည်းထိန်းညှိပေးနိုင်ပြီး မိမိတို့၏ ကလေးငယ်များနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စည်ပင်သာယာ၍ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် မြန်မာနိုင်ငံ ကိုလည်း ခြွင်းချက်မထားခဲ့ဘဲ ယခုနှစ်ဇူလိုင်လ တတိယလှိုင်းတွင် ထိခိုက်မှုပိုမို ပြင်းထန်ခဲ့ပါသည်။ အခြားနိုင်ငံများတွင် ဖြစ်ပွားနေကြ သကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပြင်းထန်ဆိုးရွားသည့် နောက်ဆက် တွဲ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာခဲ့ပြီး ရေရှည်လူမှုစီးပွားအကျိုးဆက်များလည်း ဖြစ်ပေါ် နိုင်ပါသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကပ်ရောဂါ၏ အကျိုးဆက်များကို ခံစားနေရသည့် ပြည်သူလူထု အတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမောစေရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အဟန့်အတား၊ အနှောင့်အယှက်များကြားမှ မြန်မာနိုင်ငံအား မူလအခြေအနေနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ရောက်ရှိစေရန် နိုင်ငံ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေး မြန်မာနိုင်ငံ၏ ကတိကဝတ်နှင့်အညီ တပ်မတော်က ယာယီ အပစ်အခတ်ရပ်စဲရေးကို ၂၁-၁၂-၂၀၁၈ ရက်မှ ယနေ့ထိတိုင်အောင် အကြိမ်(၂၀)အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။
ထို့အတူ တပ်မတော်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်ကို ထောက်ခံ အားပေးခဲ့ပြီး စစ်ဆင်ရေးလှုပ်ရှားမှုများကို ၁-၉-၂၀၂၀ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၇-၉-၂၀၂၁ ရက်တွင်လည်း တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁-၁၀-၂၀၂၁ ရက်မှ ၂၈-၂-၂၀၂၂ ရက်အထိ ငါးလကြာအောင် တိုးမြှင့်ရန် ကြေညာချက်တစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ပါသည်။
ထိုသို့သော အခြေအနေမျိုး၌ အပြန်အလှန်လေးစားမှု၊ မျှတမှုနှင့် ဘက်မလိုက်မှုစံနှုန်းများအပေါ်အခြေခံ၍ ပွင့်လင်းမှုရှိပြီး အားလုံးပါဝင် နိုင်သည့် နည်းလမ်းဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် စုပေါင်း အင်အားရယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးသည် မိမိတို့အားလုံးအတွက် မျှော်လင့်ချက် သင်္ကေတဖြစ်ပါသည်။
အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု မူဝါဒများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် အတိအလင်း ထည့်သွင်းထား ပါသည်။
သို့ဖြစ်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဝါဒအပေါ် သံသယများ ကြီးထွားလာချိန်တွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် အထက်ပါ မြင့်မြတ်သောစံနှုန်းများကို နိုင်ငံအားလုံးအပေါ် နိုင်ငံရေးရည်ရွယ်ချက် မရှိဘဲ တစ်ပြေးညီကျင့်သုံးရန် အလွန်အရေးကြီးပါသည်။ ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် လည်းကောင်း၊ ရှားပါးသောအရင်းအမြစ်များကို ခွဲဝေရာတွင် လည်းကောင်း အထိရောက်ဆုံးဖြစ်စေရန် လိုအပ်ပါသည်။ ကုလသမဂ္ဂ အဖွဲ့အနေဖြင့် ကမ္ဘာ့ပြည်သူများ၏ မျှော်လင့်ချက် မီးရှူးတန်ဆောင် အဖြစ်ရှိသင့်ပြီး ပဋိညာဉ်စာတမ်းမှ အပ်နှင်းထားသော တာဝန်များကို ကုလသမဂ္ဂအဖွဲ့ကြီးက ကောင်းမွန်ဖြောင့်မတ်စွာ ထမ်းဆောင် နိုင်ရေးအတွက် မိမိတို့လူသားများအနေဖြင့် စည်းလုံးညီညွတ်စွာ အထောက်အကူပြုသင့်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်း ချက်နှင့် မူဝါဒများကို အခိုင်အမာယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြု အပ်ပါသည်။