
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ကြွရောက်ချီးမြှင့်တော်မူ
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၁၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာသည့် ဧည့်ပရိသတ်တို့သည် ကထိန်ခံ အောင်စည်သာ ပရိယတ္တိစာသင်တိုက်သို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် သာသနာ့ မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပေါက်မြိုင်ဆရာတော် ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြ သည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပေါက်မြိုင်ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကိုလည်း ကောင်း၊ ကထိန်အလှူခံကျောင်း အောင်စည်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိစက္ခဏထံ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း ဘောဇဉ်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး တို့သည် တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏထံသို့ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များကို ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားတက်ရောက်လာ ကြသည့် ကောင်စီဝင်များနှင့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ပြည်ထောင်စုတရားသူကြီးချုပ် တို့က ဆရာတော်၊ သံဃာတော်များထံ ကထိန် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များ ကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
အနုမောဒနာတရားနာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့ သည် ပေါက်မြိုင်ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၂ ခုနှင့် လှူဒါန်း ငွေများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၇၆၄၃၇၅၀ ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်