
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တက်ရောက်၍ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်း
နေပြည်တော် ဒီဇင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဘွဲ့တံဆိပ် နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ အတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုတရား သူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသားနှင့်အမျိုးသမီးများ တက်ရောက်ကြသည်။
ထောက်ပံ့လှူဒါန်းလျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြတ်စွာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီး စဉ်ဆက်မပြတ် တိုးတက်ထွန်းကားပြန့်ပွားစေရန်အတွက် သံဃာ တော် အရှင်သူမြတ်များက ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရနှစ်ဖြာ သာသနာကို အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြပြီး နိုင်ငံသူ၊ နိုင်ငံသားအပေါင်း အား ပစ္စုပ္ပန်၊ သံသရာကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်းကောင်းများကို အခွင့်အခါသင့်တိုင်း ဟောကြားပြသလျက်ရှိကြပါကြောင်း၊ ဗုဒ္ဓဘာသာ ဝင် နိုင်ငံသူ နိုင်ငံသားများကလည်း သာသနာတော် အတွက် မရှိမဖြစ်လိုအပ်သည့် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းများကို ကြည်လင်သည့် သဒ္ဓါတရား၊ ထက်သန်သည့် စေတနာအားများဖြင့် ထောက်ပံ့လှူဒါန်းလျက် ရှိကြပါကြောင်း၊ ဤကဲ့သို့ အလှူရှင်အပေါင်းတို့၏ စေတနာသဒ္ဓါတရားတို့ကို နိုင်ငံတော်အစိုးရအနေ ဖြင့် နှစ်စဉ် အားပေးအသိအမှတ်ပြု ဆောင်ရွက်မြဲ ဖြစ်သည့် မဟာကုသိုလ်တော်တစ်ရပ်မှာ သာသနာ့ ဒါယကာ၊ ဒါယိကာမများကို သာသနာတော်ဆိုင်ရာ နုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပင် ဖြစ်ကြောင်း။
ထူးကဲစွာ လှူဒါန်းထောက်ပံ့
“သာသနာနုဂ္ဂဟ”ဆိုသည့်စကားသည် သာသနာ တော်ကို ပစ္စည်းလေးပါးတို့နှင့် ထူးကဲစွာ လှူဒါန်း ထောက်ပံ့ခြင်းဟု အဓိပ္ပာယ်ရသည်ဟု လေ့လာသိရှိ ရကြောင်း၊ အနက်အဓိပ္ပာယ်အားဖြင့် ရိုးရှင်းလှသော် လည်း လုပ်ငန်းဆောင်တာအားဖြင့် “စိရံတိဋ္ဌတု သဒ္ဓမ္မော” ဟူသော ဒေသနာတော်နှင့်အညီ မြတ်စွာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ငါးထောင် မက အရှည်ခန့်၍ တည်တံ့စေရန်ဟူသော မွန်မြတ် သည့် သမ္မာဆန္ဒနှင့် အကြီးအမှူးပြုသူများဟု ပြောဆိုရမည်ဖြစ်ကြောင်း။
ဂုဏ်ရည် ၁၀ ပါးနှင့် ပြည့်စုံရမည်
သာသနာနုဂ္ဂဟဘွဲ့ကို ချီးမြှင့်အပ်နှင်းရာတွင် ဥပါသကာ ဂုဏ်ရည် ၁၀ ပါးနှင့် ပြည့်စုံရမည် ဖြစ်သဖြင့် ထိုဥပါသကာဂုဏ်ရည်များတွင် မိမိနှင့် သံဃာ အေးအတူပူအမျှ၊ ချမ်းသာတူ ဆင်းရဲမခွဲ နေတတ်သူဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ တရားတော်ကို သာလျှင် အကြီးအမှူးထားသူဖြစ်ခြင်း၊ မိမိ၌ရှိသော ပစ္စည်းဥစ္စာအင်အားအလျောက် ဝေဖန်ပိုင်းခြား လှူဒါန်းခြင်း၌ မွေ့လျော်တတ်သူဖြစ်ခြင်း၊ မြတ်စွာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီး ပျက်ပြား ဆုတ်ယုတ်သည်ကို သိရ၊ ကြားရ၊ တွေ့မြင်ရသော် တိုးတက်စည်ပင်အောင် ကြိုးပမ်းအားထုတ်သူ ဖြစ်ခြင်း၊ ကောင်းသောအယူဝါဒရှိသူဖြစ်ခြင်း၊ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် သူ ဖြစ်ခြင်း၊ အမြင်ထူး၊ အကြားထူး စသည်ကို မင်္ဂလာ ဟု လက်မခံဘဲ ဗုဒ္ဓမှတစ်ပါး အခြားမည်သူ့ကိုမျှ ဆရာမတင်နိုင်သူဖြစ်ခြင်း၊ ကိုယ်အမူအရာ၊ နှုတ် အမူအရာကို စောင့်စည်းတတ်သူဖြစ်ခြင်း၊ ငြူစူမှု ကင်းကာ ကောက်ကျစ်စဉ်းလဲသည့်အစွမ်းဖြင့် သာသနာတော်၌ ကျင်လည်ကျက်စားသူ မဖြစ်ခြင်း၊ ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်အားထားရာဟူ၍ မပြတ် ဆည်းကပ်တတ်သူဖြစ်ခြင်း စသည့်အချက် များနှင့် ပြည့်စုံကြသည်သာမက သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးတွင် အထူးသဖြင့် နယ်စပ်နှင့် တောင်တန်းဒေသများတွင် သာသနာပြု တာဝန် ထမ်းဆောင်လျက်ရှိသည့် သာသနာပြုရဟန်းတော် များ ပစ္စည်းလေးပါးတို့ဖြင့် မပင်ပန်းရလေအောင် ထာဝရဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်စပ်နှင့် တောင်တန်းဒေသများရှိ ဗုဒ္ဓဘာသာဝင် ကလေးငယ်များနှင့် ကျေးလက်ဒေသများရှိ နွမ်းပါး သည့် ကလေးငယ်များကို ရှင်ပြုပေးပြီး ရှင်ဒါယကာ၊ ဒါယိကာမ၊ ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများ အဖြစ် ရယူခြင်းဖြစ်သည့်အတွက် ဘုရားရှင် အလိုတော်ကျ သာသနာ့အမွေကို ခံယူထားသူများ အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။
ပမာပြု၍ နှိုင်းယှဉ်မိန့်ကြား
ခေတ်ကာလအလျောက် သာသနာတော် ထွန်းကားပြန့်ပွားခြင်း၊ ဆုတ်ယုတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆရာတော်ကြီးများက “ခေါက်ရှာငှက် များ ပျံသန်းတဲ့အခါ နိမ့်ချည်တစ်ခါ မြင့်ချည် တစ်လှည့် ပျံသန်းသကဲ့သို့ သာသနာတော်၏ ဆုတ်ယုတ်ခြင်း၊ စည်ပင်ပြန့်ပွားခြင်း သဘော သဘာဝသည် လောကဓံသဘောပင် ဖြစ်သည့် အတွက် ခေါက်ရှာငှက်တို့၏ ပျံသန်းပုံနှင့်တူကြောင်း၊ တိုင်းပြည်အုပ်ချုပ်သော ပုဂ္ဂိုလ်တို့သည် သာသနာ တော်ကို ကြည်ညိုတတ်၊ မြတ်နိုးကော်ရော် ပူဇော် တတ်၊ ချီးမြှောက်တတ်သော ပုဂ္ဂိုလ်များဖြစ်ပါက သာသနာတော်ဟာလည်း ထက်ဖျားသို့တိုင် မြင့်၍ တင့်၍ စည်ပင်ပြန့်ပွားလေ့ရှိကြောင်း၊ ထိုသို့ မဟုတ် ပါက နိမ့်ကျကာ ဆုတ်ယုတ်တတ်ကြောင်း” စသည် ဖြင့် ခေါက်ရှာငှက်များ၏ ပျံသန်းတတ်သည့် အခြင်း အရာကို ပမာပြု၍ နှိုင်းယှဉ်မိန့်ကြားလေ့ရှိသည်ကို သတိပြုအမှတ်ရမိပါကြောင်း။
အထူးအလေးထားကြိုးစား
ထို့ကြောင့် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဗုဒ္ဓဘာသာဝင် နိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ လှူဒါန်းထောက်ပံ့ရေးနှင့် အခြားပံ့ပိုးဆောင်ရွက်ဖွယ်ရာများကို အထူးအလေး ထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်ကို ထည့်သွင်း ပြောကြားလိုကြောင်း။
အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း
ယခုကဲ့သို့ ထူးခြားမြင့်မြတ်ကာ ဘုန်းကံကြီးမား သည့် သာသနာတော်မြတ်ကြီးကို ဘုန်းကံပါရမီ ရှိသူတို့သည်သာလျှင် ချီးမြှောက်ထောက်ပံ့ခွင့်၊ သာသနာပြုခွင့်ရရှိကြသည့်အားလျော်စွာ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ထိုကဲ့သို့သော ပါရမီရှင်များကို သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း သည် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်၊ ချီးမြှင့်သင့် ချီးမြှင့် ထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်းလျက် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့ အမှန်ပင် ရရှိကြလိမ့်မည်ဟု အခိုင်အမာယုံကြည်မိပါကြောင်း။
ကမ္ဘာသို့တိုင်အောင် ထွန်းလင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှူးပြု သည့် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အပေါင်း တို့နှင့်တကွ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရပုဂ္ဂိုလ်များသည် မြတ်စွာဘုရားရှင်၏ အနှိုင်းမဲ့သည်းခံခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းရေး တရားဒေသနာတော်များကို ထွန်းသစ်စနေဝန်းပမာ မြန်မာမှသည် ကမ္ဘာသို့တိုင်အောင် ထွန်းလင်း တောက်ပစေရေး အစဉ်အားပေးနိုင်ကြပါစေ ကြောင်း။
အမျိုးဘာသာသာသနာကို ထိန်းသိမ်း
ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်တော်မူနေကြသည့် ဆရာ တော် သံဃာတော်များ၊ သီလရှင်ဆရာကြီးများ၊ နယ်စပ်နှင့် တောင်တန်းဒေသများတွင် အခက်အခဲ ပေါင်းများစွာနှင့် သာသနာပြုလျက်ရှိကြသည့် သာသနာပြုဆရာတော်များနှင့် သာသနာပြု သီလရှင် ဆရာကြီးများ၊ ဘုန်းတော်ကြီးသင်ပညာရေးနှင့် သီလရှင်သင်ပညာရေးကျောင်းများတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဆရာတော် သံဃာတော် များနှင့် သီလရှင်ဆရာကြီးများအား ပစ္စည်းလေးပါး တို့နှင့် မပင်ပန်းရစေရန် ဆရာဒကာ တွဲလက်ညီညာ စွာဖြင့် လှူဒါန်းထောက်ပံ့ သာသနာပြုနိုင်ကြပါစေ ကြောင်း၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးများဖြစ်ကြလျက် နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးတို့ကို ကျန်းမာရွှင်လန်းသော ကိုယ်စိတ်နှစ်ပါးတို့ဖြင့် ဆတက်ထမ်းပိုး ဆက်လက် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတ ဓရဘွဲ့ရ ဦးအောင်အောင်၊ ဦးလှထွန်း၊ ဦးသန်းဝင်း နှင့် ဦးလီကျန်းချန်(ခ) ဦးလျိုအားပေါက်တို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတ ဓရဘွဲ့ရ ဒေါက်တာ လှဝင်းအောင်၊ ဦးစိုးသန်းထွန်း နှင့် ဦးဇေယျသူရမွန်တို့ကိုလည်းကောင်း ဘွဲ့တံဆိပ် များနှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦး၊ ဒေါ်မေသက်မော်၊ ဒေါ်ခင်ရွှေ၊ ဒေါ်ရွှေဥ၊ ဒေါ်သန်း သန်းစိန်၊ ဒေါ်သန်းမြ၊ ဒေါ်နန်းခင်ညွန့်နှင့် ဒေါ်ဝင်းမြင့် တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်ဌေးဌေးသိန်း၊ ဒေါ်ကြည်ပြာ ခိုင် (ကိုယ်စား) ဒေါ်ဝင်းဇာနည်ပိုင်၊ ဒေါ်သီတာစန်း၊ ဒေါ်ခင်သန့်ဇင်နှင့် ဒေါ်အိသန္တာဘိုတို့ကို လည်း ကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ချီးမြှင့်အပ်နှင်းသွားမည်
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားတွင် အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသား ၇ ဦး၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရအမျိုးသမီး ၁၄ ဦး တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကိုချီးမြှင့်အပ်နှင်းခဲ့ပြီး ကျန်ရှိသည့် သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၅၂ ဦး တို့ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ် ဖြင့် သတ်မှတ်နေရာများတွင် အသီးသီးချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်