ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန၏လုပ်ဆောင်မှုသည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မအလုပ်ဖြစ်သဖြင့် လုပ်ငန်းများ
အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် ပိုမိုခိုင်မာမှုရှိစေမည်

နေပြည်တော်   မတ်   ၁၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     နိုင်ငံခြားရေးရာမူဝါဒ ကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးသိန်းညွန့်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးထွဋ်၊ ဒေါ်သန်းသန်းလင်း၊    ဦးသန်းအောင်ကျော်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍     မိမိတို့နိုင်ငံသည်    လွတ်လပ်သည့်နိုင်ငံတစ်ခုဖြစ်ပြီး 



အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ် သောကြောင့်    နိုင်ငံတကာဆက်ဆံရေး သည် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒများနှင့်   ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်      နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်  ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ        နေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ပါရှိပြီးဖြစ်ပြီး အဆိုပါ မူဝါဒအတိုင်း  ရပ်တည်ဆောင်ရွက်လျက် ရှိကြောင်း၊   နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍  ယခင်က ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြင့်  ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ  ဘက်မလိုက်အုပ်စုတွင်လည်း ပါဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံ ရေးတွင်   အမြင့်ဆုံးပါဝင်ခဲ့သည်များရှိ ကြောင်း။


အလေးထားဆောင်ရွက်


ဒေသတွင်း  နိုင်ငံတကာဆက်ဆံရေး အနေဖြင့်  ၁၉၉၇  ခုနှစ်တွင်  အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ်   စတင်ရောက်ရှိခဲ့ ကြောင်း၊ အိမ်နီးနားချင်း ငါးနိုင်ငံနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး   ကောင်းမွန်သည် များလည်းရှိကြောင်း၊    နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရွေးချယ်ခွင့်မရှိသည့် အိမ်နီးချင်းနိုင်ငံများ      ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး    ကောင်းမွန်ရန် လိုအပ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊    ထိုသို့ ဆက်ဆံဆောင်ရွက်ရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသည့်         နိုင်ငံတော်၏ နိုင်ငံခြားရေး     အခြေခံမူများအတိုင်း အကောင်းဆုံးဖြစ်အောင်      ဆက်ဆံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ တွင်     မြန်မာကိုယ်စားလှယ်အဖွဲ့ရုံး ရှိသကဲ့သို့      နိုင်ငံတကာတွင်လည်း သံအမတ်ကြီးများခန့်အပ်၍ ဆောင်ရွက် လျက်ရှိပြီး   နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အဓိက   တာဝန်ယူဆောင်ရွက်လျက်ရှိ ကြောင်း၊    နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး    နယ်ပယ်တွင် များစွာသက်ရောက်မှုရှိသဖြင့် နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။


ကိုလိုနီခေတ်တွင်စတင်ခဲ့


မိမိတို့နိုင်ငံကို    အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏  တရားစွဲဆို မှုနှင့်ပတ်သက်၍လည်း    ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်ပတ်သက်သည့်   အိမ်နီးနားချင်း နိုင်ငံ ဆက်ဆံရေးမှ  စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင်စတင်ခဲ့သည့် ပြဿနာ တစ်ရပ်ဖြစ်ပြီး အဆိုပါ  လူဝင်မှုပြဿနာ များမှ ယခုအခါ အဆိုပါ  တရားစွဲဆိုမှု ပြဿနာအထိ      ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း၊ ယခုတရားစွဲဆိုသည့် ဂမ်ဘီယာ နိုင်ငံအနေဖြင့်လည်း    မိမိတို့နိုင်ငံနှင့် တိုက်ရိုက်ထိတွေ့သည့် နိုင်ငံတစ်ခုမဟုတ် ဘဲ  ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ   တရားစွဲဆိုမှုနှင့်  ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများတွင် ခိုင်ခိုင်မာမာ ဖြင့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မမှန်ကန်သည့်စွပ်စွဲချက်များဖြင့် မိမိတို့ နိုင်ငံ၏ဂုဏ်သိက္ခာ    ကျဆင်းစေရန်နှင့် တပ်မတော်ကိုထိခိုက်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် သည် နိုင်ငံတော်ကိုကာကွယ်ရန်၊ ပြည်သူ များ၏  အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မတိုင်မီက ဖြစ်စဉ်များတွင် မိမိတို့နိုင်ငံ သည် လွတ်လပ်ရေးမရရှိသေးဘဲ အုပ်ချုပ်ခံ လူတန်းစားအနေဖြင့်သာ     ရှိခဲ့သဖြင့် အဆိုပါအချိန်က     အုပ်ချုပ်သူများ၏ အလိုကျ    ဆောင်ရွက်ခဲ့မှုများကြောင့် ပြည်သူလူထုနှင့် တိုင်းပြည်က နစ်နာခဲ့ရ ကြောင်း၊ အလားတူ လွတ်လပ်ရေးရပြီးစ တွင်လည်း  အင်အားနည်းသည့်နိုင်ငံကို အင်အားကြီးမားသည့်နိုင်ငံများက မျိုးစုံခြိမ်းခြောက်ဖိအားပေးခဲ့သည်များလည်း ရှိခဲ့ကြောင်း၊   ထို့ကြောင့်    မိမိတို့နိုင်ငံ အင်အားရှိရန်အတွက်   အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့    အပြည်ပြည်ဆိုင်ရာတရားရုံး တွင် သွားရောက်ရင်ဆိုင်ချိန်တွင်လည်း အင်အားကိုရအောင်     တည်ဆောက်၍ ဆောင်ရွက်ခဲ့ရကြောင်း၊    အပြည်ပြည် ဆိုင်ရာတရားရုံးတွင်   မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆို မှုများသည်  နိုင်ငံအတွက်  အားများစွာ ဖြစ်စေသည်ကို         တွေ့ရှိရကြောင်း၊ ထို့ကြောင့်      တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊  နိုင်ငံခြားရေး ဝန်ကြီးဌာန၏       လုပ်ဆောင်မှုသည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မအလုပ် ဖြစ်သဖြင့်  လုပ်ငန်းများကို  အောင်မြင် အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသားနိုင်ငံရေး    ဦးဆောင်မှုအခန်း ကဏ္ဍသည်    ပိုမိုခိုင်မာမှုရှိစေမည်ဖြစ် ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်     နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ      အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌  မြန်မာနိုင်ငံက တင်သွင်း ခဲ့သော    ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့     တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စု ရှေ့နေချုပ်   ဒေါက်တာသီတာဦးတို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဥပဒေကြောင်းအရ တင်ပြလျှောက်လဲခဲ့ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြကြပြီး ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့် က ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက်  ကော်မတီအတွင်းရေး မှူး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က  နိုင်ငံခြား ရေးရာ မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်    အဆုံးအဖြတ်ပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။


ဆွေးနွေးတင်ပြ


ထို့နောက်         အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်နှင့် ကော်မတီ  တွဲဖက်အတွင်းရေးမှူးတို့က အမှာစာများကို အသီးသီးရှင်းလင်းတင်ပြ ကြပြီး        နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍  သုံးသပ်ဆွေးနွေး တင်ပြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွက် International Law နှင့် ပတ်သက်၍ လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်မှု၊ ဂမ်ဘီယာကိစ္စ နှင့်ပတ်သက်၍    အပြည်ပြည်ဆိုင်ရာ တရားရုံးမှ မည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်အရေးယူ ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတကာကိစ္စ ရပ်များတွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒ အတိုင်း ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများနှင့်  အခြားလိုအပ်သည် များကို    ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။              

          သတင်းစဉ်