
နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယ ဝန်ကြီးများ တက်ရောက်ကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က Video Conferencing ဖြင့် တက်ရောက် ကြသည်။
အကျယ်တဝင့် ဆွေးနွေးမှာကြား
ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တာဝန်ရှိသူ များအနေဖြင့် စနစ်တကျဖြင့်ကြပ်မတ်ဆောင်ရွက်ရန် အခြေအနေ၊ နိုင်ငံသားများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများရှိရန်အတွက် အတန်းပညာများ တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် နိုင်ငံအတွင်း အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါများရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှု အခြေအနေ၊ ဥပဒေပြုရေးနှင့် ပတ်သက်၍ ဥပဒေများပြဋ္ဌာန်းရာတွင် အားနည်းချက်များမရှိစေ ရေး အားလုံးဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ရန်နှင့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အလေး အနက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ နိုင်ငံသားများနှင့် နိုင်ငံပိုင်အဆောက်အဦများ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ဝန်ကြီးဌာနများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အသိ၊ သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေ၊ ပြည်သူများအားလုံး ညီညွတ်မှု ရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးမှာကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
လိုအပ်သည်များလမ်းညွှန်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရှေးဟောင်း နယ်မြေများနှင့် ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုနှင့် ပြည်ပခရီးသွား များအား ဆွဲဆောင်မှုရှိအောင် ပြုပြင်ထိန်းသိမ်း၍ နိုင်ငံ၏ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေ၊ သစ်တောကြိုးဝိုင်းများ ထိန်းသိမ်း ဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များအား စနစ်တကျဖြင့် ထိန်းသိမ်းရန်လိုအပ်မှုနှင့် စိုက်ပျိုးမြေ အဖြစ်ဆောင်ရွက်ရန် ခွင့်ပြုထားသည့် သစ်တော မြေနေရာများတွင် စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်၍ ထိထိရောက်ရောက် အသုံးချနိုင်ရေး တာဝန်ရှိသူ များက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်