
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးသို့ ကြွရောက် တော်မူလာကြကုန်သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ဘုရား-
ဆရာတော် အရှင်မြတ်တို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စ၊ ကျောင်းတိုက်ကိစ္စ စသည် တို့ကို လျစ်လျူရှုတော်မူကြ၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို အလေးပေးတော်မူ ကြလျက် ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီဖြစ်အောင် ကြွရောက်တော်မူလာသည့်အတွက် အားတက် ရွှင်လန်းဝမ်းမြောက်ရပါသည်ဘုရား။
ဆရာတော် အရှင်မြတ်တို့ဘုရား-
မြတ်စွာဘုရားသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို လိုက်နာဆောင် ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားထွန်းကားအောင် ဖြန့်ဝေခြင်း တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သံဃာရတနာကို ခွင့်ပြုခဲ့ပါသည်ဘုရား။ သံဃာ ရတနာကို ခွင့်ပြုတော်မူသောအခါ သံဃာ့အဖွဲ့ ဝင်များအနေဖြင့် လိုက်နာကျင့်သုံးနိုင်ရန် ဝိနည်း စည်းမျဉ်းဥပဒေများကိုလည်း ပညတ်တော်မူ ခဲ့ပါသည်ဘုရား။ ထိုပညတ်တော်မူခဲ့သော ဝိနည်း တရားတော်သည် အကျဉ်းအားဖြင့် နှစ်ရာနှစ်ဆယ် ခုနစ်သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ်ငါးသိန်းသုံးသောင်းခြောက်ထောင် မျှရှိပါသည်ဘုရား။
ဘုရားရှင်၏ တပည့်သား သံဃာတော်များ အနေဖြင့် အထက်ဖော်ပြပါ ဝိနည်းစည်းမျဉ်း ဥပဒေများကို လိုက်နာကျင့်သုံးကြလျက် ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ပင်မတာဝန်ကြီးနှစ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်တော်မူနိုင်ကြစေရန် ဒါယကာ၊ ဒါယိကာမတို့က သဒ္ဓါကြည်ဖြူ ပေးလှူ သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသည့် ပစ္စည်းလေးပါးတို့ကို ခံယူသုံးဆောင်ခွင့်ပြုသောအားဖြင့် ချီးမြှောက်တော်မူခဲ့ပါသည်ဘုရား။ ရတနာသုံးပါးကို ကြည်ညိုလေးစားကြသော ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမတို့ကလည်း သံဃာတော်အရှင်မြတ်တို့အား ပစ္စည်းလေးပါးနှင့် ပတ်သက်၍ ပင်ပန်းနွမ်းနယ် ညှိုးငယ်ခြင်းမရှိရလေ အောင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းထောက်ပံ့လျက် တာဝန်ကျေပွန်လာခဲ့ကြ ရာ ယခုအချိန်တိုင်အောင် သာသနာတော်ကြီး ညစ်ကြေးမထင် စင်ကြယ်စွာ ၂၅၆၅ ခုနှစ်တိုင်တိုင် အရှည်ခံ့၍ တည်တံ့လာခဲ့ပြီဖြစ်ပါသည်ဘုရား။
ယခုမျက်မှောက်ကာလ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သား ရဟန်း၊ ရှင်၊ လူအများသည် မြတ်ဗုဒ္ဓအရှင်၏ ငြိမ်းအေးချမ်းသာ လှစွာသော သာသနာတော်အရိပ်၌ မှီခိုကိုးစား အားထားနေကြရသည့် အကျိုးကျေးဇူးများကို စိစစ်သုံးသပ်ရပါက သဗ္ဗညုဘုရားရှင်ကိုယ်တော် မြတ်ကြီးကိုလည်းကောင်း၊ သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့ကြသော အရှင်မဟာကဿပမှစ၍ ယနေ့တိုင် သမ္မုတိ သံဃာတော်တို့ကိုလည်းကောင်း၊ သာသနာတော် ကို စောင့်ရှောက်ထောက်ပံ့ခဲ့ကြသော အဇာတသတ် မင်းစသော သာသနာ့ဒါယကာ မင်းကောင်းမင်း မြတ်တို့နှင့် အခြားသော သာသနာပြုပုဂ္ဂိုလ် အသီးသီးကိုလည်းကောင်း အလေးဂရုပြု အောက်မေ့ထိုက်လှပါကြောင်း တွေ့မြင်ရမည်ဖြစ်ပါ သည်ဘုရား။
ကျေးဇူးတရားကြီးမားလှသည့် ဘုရားအစရှိ သော ရဟန္တာထေရ်ရှင် အစဉ်အဆက်တို့အား ယခု မျက်မှောက်ထင်ရှားရှိနေသည့် ဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူတို့အနေဖြင့် “ကတညု ကတဝေဒီ” မင်္ဂလာတရားနှင့်အညီ ပြန်လည်ကျေးဇူးဆပ်သင့် လှပါသည်ဘုရား။ ဘုရားအစရှိသော ကျေးဇူးရှင်ကြီး များအား ကျေးဇူးတင်၍ ကျေးဇူးဆပ်ချင်ပါသည် ဆိုလျှင် ထိုကျေးဇူးရှင်ကြီးများ အမြတ်တနိုးပြုစုပျိုး ထောင် ဆောင်ရွက်တော်မူခဲ့ကြသော သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် မဖြစ်မနေပြုလုပ်ဆောင်ရွက်ခြင်း သည်သာလျှင် အကောင်းဆုံး အမြတ်ဆုံး ကျေးဇူး ဆပ်ခြင်းပင်ဖြစ်ပါသည်ဟု လျှောက်ထားလိုပါသည် ဘုရား။
ထိုသို့ အမြင့်မြတ်ဆုံး ကျေးဇူးပေးဆပ်သည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်း ကြီးကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းသီတင်း သုံးကြကုန်သော ဂိုဏ်းအသီးသီးရှိ ဆရာတော် သံဃာတော်အားလုံး ညီညီညွတ်ညွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းတည်ထောင်ကာ ဆောင်ရွက်လာခဲ့ကြပါသည်ဘုရား။
သာသနာတော်နှစ် ၂၅၂၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၄၂ ခုနှစ်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သော ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူတစ်ရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါသည်ဘုရား။ ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ် သံဃ နာယကအဆင့် အဖွဲ့အစည်းများမှ နိုင်ငံတော်အဆင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တိုင်အောင် ရေးဆွဲ ပြဋ္ဌာန်းထားသည့် သံဃာ့အဖွဲ့အစည်းအခြေခံ စည်း မျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖွဲ့စည်း ရပ်တည်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၄၀ ကျော်လာ ခဲ့ပြီ ဖြစ်ပါသည်ဘုရား။
ထိုအချိန်ကာလက စည်းမျဉ်းရေးဆွဲရေးအဖွဲ့ အသီးသီးတွင် ပါဝင်တော်မူခဲ့ကြသော တိုင်းအလိုက် ဂိုဏ်းအလိုက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဒီဃဒဿီဂုဏ်ရှင် ဝန်ဆောင်မထေရ်ကြီးတို့က သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ် (၁၂) တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ဖော်ပြပါ အတိုင်း ပြဋ္ဌာန်းထားခဲ့ပါသည်ဘုရား-
(၁) သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရန်
ဖြစ်သည်။
(၂) သံဃာတော်များအနေဖြင့် တရားတော်နှင့်
အညီ ကျင့်ကြံ သီတင်းသုံးနေထိုင်ရေးအတွက်
သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွား
နိုင်ရန်ဖြစ်သည်။
(၃) ပရိယတ္တိသာသနာတော် တိုးတက်စည်ပင်
ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော
ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်
ဖြစ်သည်။
(၄) ပရိယတ္တိနှင့်လျော်ညီသော ပဋိပတ္တိသာသနာ
တော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်
ဖြစ်သည်။
(၅) သံဃာတော်များ ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါး
လုံးကိုသော်လည်းကောင်း၊ တစ်ပါးပါးကိုသော်
လည်းကောင်း ဆောင်ရွက်နိုင်ကြစေရန်ဖြစ်
သည်။
(၆) သံဃာတော်များသည် ဓုရနှစ်ပါးကို အေးချမ်း
သာယာစွာ ထမ်းဆောင်တော်မူခွင့်ရသဖြင့်
ပဋိဝေဓသာသနာတော်ကို ရရှိခံစားနိုင်ကြစေ
ရန်ဖြစ်သည်။
(၇) သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်
ရာ၌ သံဃာ့ဂိုဏ်းများသည် ကြီးသည် ငယ်သည်မဟူ စည်းလုံးညီညွတ်မှုကို ရှေးရှု၍
ဆောင်ရွက်ရန် ဖြစ်သည်။
အထက်ပါ ရည်ရွယ်ချက်များအတိုင်း သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်း၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက် ဖြင့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ကိစ္စရပ်များကို ယနေ့တိုင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်း များတွင် သက်သေအဖြစ် ကျန်ရှိနေမည်ဖြစ်ပါသည် ဘုရား။
ပမာအားဖြင့် လျှောက်ထားရပါမူ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19)ကပ်ဘေးကာလအတွင်း ဖြတ်သန်းခဲ့ကြရသည့် တိုင်အောင် ၂၀၂၁ ခုနှစ်တွင် ဗုဒ္ဓသာသနာတော်၏ အသက်သွေးကြောသဖွယ်ဖြစ်သော ပရိယတ္တိ စာမေးပွဲများကို မပျက်မကွက်ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ ရုံးထိုင်ကာလ အတွင်း (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ (သဘောရေးဖြေ) စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲတို့ကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းနှင့် (၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲကြီးကိုလည်း ၂၆-၆-၂၀၂၁ ရက်နေ့တွင် ကျင်းပနိုင်ခဲ့ခြင်းတို့သည် သာသနာတော်အတွက် လွန်အားတက်ဖွယ်ရာ ဆရာ-ဒကာ စိတ်တူညီမျှ ဆောင်ရွက်ချက်တို့ဖြစ်ပါ ကြောင်း သက်သေပြုလျက် လျှောက်ထားလိုပါသည် ဘုရား။
ယခင်အကြိမ်များက သံဃာ့အဖွဲ့အစည်း အဆင့် ဆင့် အနားယူစေခြင်း၊ အစားထိုးရွေးချယ်ခြင်းကိစ္စ များကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံ တစ်ဝန်းလုံး အစားထိုးရွေးချယ်၍ အတည်ပြု ပြန်တမ်းထုတ် ဆောင်ရွက်ခဲ့ကြမြဲဖြစ်ပါသည် ဘုရား။
ယခု အဋ္ဌမအကြိမ် သံဃာ့အဖွဲ့အစည်း အဆင့် ဆင့် အနားယူအစားထိုးရွေးချယ်သည့် မူသစ်အရ အနားယူအစားထိုး ရွေးချယ်ခြင်းလုပ်ငန်းများအတွက် သက်ဆိုင်ရာ သံဃနာယကအဖွဲ့အဆင့်အလိုက် အနားယူစေခြင်း၊ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းများကို ကြီးကြပ်ကွပ်ကဲရန်အတွက် ကြီးကြပ်ရေး အဖွဲ့များကို သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း များနှင့်အညီ အနည်းဆုံး တစ်လကြိုတင်ဖွဲ့စည်းပေး ရမည်ဟုလည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့ နှင့် တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ များ၏ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းလုပ်ငန်း များကို တပို့တွဲလတစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းလုပ်ငန်းများကို တပေါင်းလဆန်း (၉) ရက်၊ (၁၀) ရက်တို့တွင် ပြီးစီးအောင်ဆောင်ရွက် ရမည်ဟုလည်းကောင်း၊ အစားထိုးရွေးချယ်ပြီးပါက အနီးဆုံးနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်း အဝေးသို့ တင်ပြအတည်ပြုချက်ရယူရန်ဖြစ်သည် ဟုလည်းကောင်း သက်တမ်းသတ်မှတ်ချက်များကို လည်း ယင်းလုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေးဆွဲ ထားပါသည်ဘုရား။
တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေဖြင့် အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် အနားယူသွားသော အဖွဲ့ဝင်များနေရာ၌ ဗျတ္တပဋိဗလ ပုဂ္ဂိုလ်များ၊ သတ်မှတ်ထားသည့် ဂုဏ်အင်္ဂါအရည် အချင်းနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များကို အစားထိုး ရွေးချယ်ပေးနိုင်ရေးသည် လွန်စွာအရေးကြီးသည် ဟု မှတ်ယူသင့်လှပါသည်ဘုရား။ သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်းတွင် တရားဝင်ခွင့်ပြုထား သည့်ဂိုဏ်းကြီး(၉)ဂိုဏ်းမှလည်းကောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှလည်းကောင်း၊ တိုင်း အလိုက်၊ ဂိုဏ်းအလိုက် အရည်အသွေးပြည့်မီသော ဗျတ္တပဋိဗလဖြစ်သော ဂုဏ်အင်္ဂါအရည်အချင်းနှင့် ပြည့်စုံသော သံဃာ့အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည့် ဗျတ္တပဋိဗလ သံဃနာယကအဖွဲ့များ ဖြစ်မှသာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စ များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပြီး ဂိုဏ်း ပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးတစ်ရပ်အဖြစ် တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါကြောင်း လျှောက်ထား ရင်း ဘုရားတပည့်တော်၏ ဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည်ဘုရား။ ။