ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၀

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက UMFCCI မင်္ဂလာခန်းမတွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားသည်။

 

 

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းကို စာမျက်နှာ - ၃ တွင် သီးခြားဖော်ပြထားပါသည်။)

ထို့နောက် အစည်းအဝေးသဘာပတိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းသည် မိမိတို့၏ အနာဂတ်ကာလ၊ ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအားလုံး၊ အမျိုးသမီးဦးဆောင်သည့် လုပ်ငန်းများအပါအဝင် ပြည်တွင်းရှိ သေး၊ ငယ်၊ လတ် အရွယ်အစား အမျိုးမျိုး ဆက်လက်ရှင်သန်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ထုတ် နိုင်ရေးတို့အတွက် ကြီးမားသော ခွန်အားတစ်ရပ် ဖြစ်စေပါကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်အစိုးရ နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအကြား (Public-Private Cooperation) အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ခိုင်မာအောင်တည်ဆောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအကျိုးကို ရှေးရှုလျက် မိမိတို့အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် လက်တွဲညီညီပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ လူချင်းတွေ့ဆုံပြီး လုပ်ကိုင်သွားလာ ဆက်ဆံရေးအကန့်အသတ်ရှိနေသည့်ကာလတွင် ရှင်သန်မှုယန္တရား အဆက်မပြတ် လည်ပတ်နေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှာရှိသည့်အတိုင်း Digital ဆက်သွယ်မှု၊ ဆက်ဆံမှုတစ်ခု အသေအချာလိုအပ်နေသည့်အတွက် နိုင်ငံတော်ကဦးစီး၍ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို အောင်မြင်အောင် မိမိတို့ဘက်မှ စွမ်းစွမ်း တမံ ပူးပေါင်းဆောင်ရွက်သွားမည်ကိုလည်း အသိပေးလို ပါကြောင်း။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ နိုင်ငံ RCEP ဝင်ရောက်မှုအတွက် နိုင်ငံ့စီးပွားရေး အဓိက မောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည်ဆိုသည့် ယုံကြည်မှုကို အလေးထား သည့်အနေဖြင့် စာချုပ်ပါအခွင့်အရေးကို ပြည်သူအများ လက်တွေ့ခံစားရအောင် မိမိတို့ ပူးပေါင်းဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။

 

 

တက်ကြွစွာလက်တွဲပူးပေါင်း

အသင်းချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားနေသည့် အတွက် အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေ ရသည့် အချိန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် နိုးကြွရှင်သန် ရပ်တည်နိုင်ရန် နိုင်ငံတော်အစိုးရ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးရေး ကုသရေးလုပ်ငန်း ကော်မတီ၊ စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီတို့ နှင့်အတူ တက်ကြွစွာလက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ပါ ကြောင်း။

နိုင်ငံတော်အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအပေါ် ကုစားရေးကော်မတီ ဖွဲ့စည်းပြီး ထိခိုက်မှုများ ကာကွယ်ဖြေလျှော့သက်သာစေရန် ငွေကျပ် ဘီလီယံ ၃၀၀၀ နီးပါး စုစုပေါင်း GDP ၄ ရာခိုင်နှုန်း ခန့် ကျခံသုံးစွဲပေးခြင်း၊ စီးပွားရေးမူဝါဒ လုပ်ထုံးလုပ်နည်း ဖြေလျှော့ပေးခြင်း၊ ဘဏ်အတိုးနှုန်းလျှော့ချပေးခြင်း၊ အခွန် အခများ လျှော့ပေးခြင်းနှင့် ဆိုင်းငံ့ကာလခွင့်ပြုခြင်း စသည့် ကူညီပံ့ပိုးမှုများကြောင့် စီးပွားရေးလုပ်ငန်းအချို့ အထိုက် အလျောက် ပြေလည်ခဲ့ကြပါကြောင်း။

ဆက်လက်ညှိနှိုင်းကူညီပေး

ထို့ပြင် COVID ကာလနှင့် COVID အလွန်ကာလများ အတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လုပ်ကိုင် လာစေရန်နှင့် လုပ်ငန်းသစ်များ ဖန်တီးဖော်ဆောင်နိုင်ရန် CERP နှင့် MERRP အစီအမံများ ချမှတ်အကောင်အထည် ဖော်ပေးမည့် အစီအစဉ်များကို အသင်းချုပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ကျေးဇူးတင်ကြိုဆိုပါကြောင်း၊ လိုအပ် သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ညှိနှိုင်းကူညီပေးရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကပ်ရောဂါ ကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိအောင် နိုင်ငံတော်အနေဖြင့် ကုစားရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခံရသော လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေ ငွေကျပ် ဘီလီယံ ၂၀၀ မတည်၍ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက် ရှိပါကြောင်း၊ ယနေ့အချိန်အထိ လုပ်ငန်းပေါင်း ၆,၃၃၃ ခုသို့ ချေးငွေ ငွေကျပ် ၁၆၆ ဒသမ ၅၉၆၃ ဘီလီယံ ထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ချေးငွေထုတ်ပေးရေးကို စိစစ်ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များတွင် UMFCCI က တစ်တပ်တစ်အား ပါဝင် ဆောင် ရွက်ပေးနေသည့်အတွက် မိမိအနေဖြင့် ကျေးဇူးတင်ရှိ ပါကြောင်း။

 

 

အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာ

ယနေ့အစည်းအဝေးတွင် အချက် ၂ ချက်ကို အဓိက ထား ပြောကြားလိုပါကြောင်း၊ COVID-19 ကပ်ရောဂါကာလ နှင့် နောက်ပိုင်းကာလများတွင် မြန်မာ့စီးပွားရေး နာလန်ထူ နိုင်ရုံသာမက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရနှင့် ပုဂ္ဂလိက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် အချက်တို့ ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိခဲ့သော်လည်း မိမိတို့နိုင်ငံအနေ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး ရရှိခဲ့ပါကြောင်း၊ လာမည့်နှစ်တွင်လည်း စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စက်မှုဇုန် စသည့်ကဏ္ဍများတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်မည့် အလားအလာကောင်းများရှိနေသည်ကို အသိပေးပြောကြား လိုပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက် လာသည်နှင့်အမျှ ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက်လည်း အခွင့် အလမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း။

စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေး

ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာစေရန်အတွက် လုပ်သာကိုင်သာရှိသော စီးပွားရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် အရေးကြီးပါ ကြောင်း၊ ထိုသို့ ဖန်တီးပေးရာတွင် စက်မှုဇုန်၊ ဆိပ်ကမ်း၊ လမ်းနှင့် တံတား စသည်တို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်မှုရရှိနေပြီး သာဓကကောင်းအနေဖြင့် တွေ့မြင် နိုင်ပါကြောင်း၊ အလားတူ စီမံကိန်းများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Indus-trial Complex (KMIC) ကို ဒီဇင်ဘာ ၂၄ ရက်တွင် စတင် တည်ဆောက်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City ၊ မြန်မာနှင့် စင်ကာပူတို့ ဖက်စပ်ဆောင်ရွက်မည့် Myanmar Singapore Industrial Park ကို ဆက်လက်အကောင်အထည်ဖော် သွားမည် ဖြစ်ပါကြောင်း။

 

 

ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း များ ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် လျှောက်ထားသူများ အတွက် ဝန်ဆောင်စရိတ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်၍ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံပေါင်း (၁၅) နိုင်ငံ ပါဝင်သော ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် (RCEP) တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ RCEP သည် ကမ္ဘာ့လူဦးရေ ၏ ၃၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်ပါကြောင်း၊ စာချုပ်ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် မိမိတို့ နိုင်ငံအတွက် အခွင့်အလမ်းကောင်းများကို ဆောင်ကြဉ်း ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မထိခိုက် စေရေးအတွက်လည်း RCEP သဘောတူစာချုပ်ကို ညှိနှိုင်း ဆွေးနွေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က အထူးဂရုပြု ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေး ကာလကို ၃ နှစ်မှ ၁၅ နှစ်အထိ အထူးအခွင့်အရေး Special and Differential Treatment ကို ခံစားခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ပြုပြင် ပြောင်းလဲမှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် ပုဂ္ဂလိက ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးမြင့်လာစေမည် ဖြစ်ပါ ကြောင်း။

တဖြည်းဖြည်း ပြန်လည်နာလန်ထူနိုင်မည်

ကမ္ဘာ့ဘဏ်က ယခင်အပတ် သတင်းထုတ်ပြန်ချက် တွင် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီး၌ စီးပွားရေးထိခိုက်မှုရှိနေသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အခြေအနေကောင်း တစ်ခုကို ထိန်းထားနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး တဖြည်းဖြည်း ပြန်လည်နာလန်ထူနိုင်မည်ဖြစ်ကြောင်းကို ဖော်ပြထားပါကြောင်း၊

 

 

ADB ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ၆ ရာခိုင်နှုန်းရရှိမည်ဟု ထုတ်ပြန်ထားပါကြောင်း။

COVID-19 ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာပြီး ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးကို အထောက်အကူပြုနိုင်မည့် စီးပွားရေးဝန်းကျင် ကောင်း ဖန်တီးရာတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာ အထိ ပြည်သူလူထု၏ လူမှုစီးပွားအကျိုးနှစ်ဖြာ ဖွံ့ဖြိုး တိုးတက်ရေးကို ဆတက်ထမ်းပိုး ဆက်လက်ပံ့ပိုးနိုင်စေ ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

 

ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နာယက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ UMFCCI အပါအဝင် စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တင်ပြချက်များ၊ အကြံပြုချက်များကို အလေးထားထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သင့်သည်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

 

 

ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Focal Ministry ဖြစ်သကဲ့သို့ UMFCCI သည် Private Sector ကို ကိုယ်စားပြု အဖွဲ့အစည်းဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။ ပုဂ္ဂလိက ကဏ္ဍ၏ အခက် အခဲများ၊ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရလဒ်ကောင်းတစ်ခု ရရှိခဲ့

Ease of Doing Business အနေဖြင့် Private Sector နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရလဒ်ကောင်းတစ်ခု ရရှိခဲ့ပါ ကြောင်း၊ Ranking ကောင်းရန်တစ်ခုတည်း ဦးတည် ဆောင်ရွက်ခဲ့ရခြင်းမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

e-Commerce Guideline အမြန်ဆုံးထွက်ရှိရန် ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက် ရှိပါ ကြောင်း။

COVID-19 ကာလအတွင်း ပြည်တွင်းကုန်စည်စီးဆင်းမှု မှန်ကန်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် UMFCCI အပါအဝင် ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံလူတန်းစားမိသားစု များအား အခြေခံရိက္ခာ ဖြန့်ချိရာတွင် အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ပူးပေါင်းကူညီမှုကြောင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

 

Online စနစ်များ အသုံးပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် Online စနစ်များ အသုံးပြု၍ ဝန်ဆောင်မှုပေးခြင်း ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ပြီး ကုန်သည်လုပ်ငန်းရှင်များ လုပ်ငန်းများ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် Tradenet 2.0 စနစ်ဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းနှင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း တို့ကို Online မှတစ်ဆင့် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် ဒီမိုကရေစီ စနစ်ကို ထူထောင်နေသကဲ့သို့ တစ်ဖက်တွင်လည်း စျေးကွက် စီးပွားရေးစနစ်ကို ထူထောင်နေပါကြောင်း၊ စျေးကွက် စီးပွားရေးစနစ်တွင် ပုဂ္ဂလိကကဏ္ဍသည် အလွန်အရေးကြီး ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အောင်မြင်ရှင်သန်လာနိုင်ရန် နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းချုပ်ကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်အားသဖွယ် ဆောင် ရွက်နေသည့်အတွက် အသင်းချုပ်ကြီးကို ကျေးဇူးတင်ပါ ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ သည် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်အတူ စီးပွားရေးအခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားဖြတ်သန်းနိုင်ရန် ဖြတ်သန်းနေရသည့် အချိန် ကာလတစ်ခု ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ဘေး မကူးစက်ရန် ကြိုးပမ်း

ယခုလိုကြိုးပမ်းရာတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ နှင့် ပြည်သူလူထုတစ်ရပ်လုံးကပါ ပူးပေါင်းဆောင်ရွက်မှ သာလျှင် အောင်မြင်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ မိမိ အနေဖြင့် ကုန်သည်ကြီးများ အသင်းချုပ်နှင့် ကိုဗစ်-၁၉ ကပ်ဘေးကြီး ဆိုက်ရောက်သည့် အချိန်ကာလအတွင်း ပိုမိုသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ကိုဗစ်-၁၉ ၏ ကန့်သက်ချက်များ၊ ကွင်းဆက် များကို ဖြတ်တောက်နိုင်ရန်၊ ရပ်တန့်ရန် ဆောင်ရွက်ရပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေး မကူးစက်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ရပါကြောင်း၊ ယခုလိုကြိုပမ်းဆောင်ရွက်ခဲ့ သည့် ဆောင်ရွက်ချက်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း က နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို လည်းကောင်း၊ ဦးဝင်းဗလမင်းက ပြင်ပစာရင်းစစ်ဖြစ်သည့် ဝင်းသင်နှင့် အဖွဲ့စာရင်းစစ်များ၏ စာရင်းစစ်အစီရင်ခံစာကို လည်းကောင်း ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ကြိုတင်ပေးပို့ထားသည့် မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားခြင်း၊ UMFCCI အလုပ် အမှုဆောင်များက နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းတို့ကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပသည်။

 

 

ယင်းနောက် သဘာပတိ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်း ဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် စီးပွားရေးသံမှူးများ၊ ပြည်တွင်းပြည်ပရှိ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းချုပ် နာယကများ၊ အကြံပေး ပုဂ္ဂိုလ်များနှင့် အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းသူ အသင်းသားများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

အကောင်အထည်ဖော်ဆောင်ရွက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အမှုဆောင် အဖွဲ့သစ်သည် ၂၀၁၉-၂၀၂၀ ခုနှစ် ပထမနှစ် သက်တမ်း ကာလ COVID-19 ကပ်ရောဂါ အခက်အခဲကာလများတွင် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အသင်း ချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် Strategic Action Plan နှင့် Business Agenda (၁၂) ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်