
ရန်ကုန် ဒီဇင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ရှေးဦးစွာ သဘာပတိ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မျက်မှောက်ကာလ မှာလည်း အသင်းချုပ်အနေ ဖြင့် ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးကို မြှင့်တင်ပေးမည့် ကမ္ဘာ့အဆင့်မီ ဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိရေးမျှော်မှန်းပြီး ညီနောင် အသင်းများ၊ စီးပွားရေးအသင်း အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် နေသည်ကို သိရှိရကြောင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ နိုင်စွမ်းသာမက တီထွင်နိုင်စွမ်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် နည်းပညာဆိုင်ရာ စွမ်းအားများ ရှိသည့်အတွက် ပုဂ္ဂလိကကဏ္ဍ သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပုဂ္ဂလိကကဏ္ဍက တန်ဖိုး ဖန်တီးပေးနိုင်သည့် (value creation) အခွင့်အလမ်းများ ရှိရုံသာမက အလုပ်အကိုင်များ လည်း ဖန်တီးပေးနိုင်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဖွံ့ဖြိုးမှု လမ်းကြောင်းမှာ ပုံစံမျိုးစုံနှင့် ပါဝင်နေပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကလည်း အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး တွင်လည်း ပုဂ္ဂလိကကဏ္ဍသည် အဓိက အချက်အချာကျသည့် အခန်းမှ ပါဝင်နေကြောင်း၊ ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍ အလိုက် လိုအပ်ချက်များကို နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း။
ထို့အတူ နိုင်ငံတော်တွင် ကြုံတွေ့ရင်ဆိုင်နေရသည့် အခက် အခဲ အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဘဏ္ဍာ ရေးနှင့် ငွေကြေးမူဝါဒများကို ချိန်ညှိ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော် နှင့် ပြည်သူများ၏ အကျိုးစီးပွား အတွက် အခက်အခဲများကြားမှ ဆောင်ရွက်ပေးမှုများကို အသင်း ချုပ်နှင့် ညီနောင်အသင်းများအနေ ဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် စီးပွားရေး ရေရှည်တည်တံ့ခိုင်မာ စေရေးကို ရှေးရှုပြီး ဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားလို ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ ပို့ကုန်ဈေးကွက်ရရှိရေး အတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့နောက် ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်က လည်း မိမိတို့ အကျိုးစီးပွားတစ်ခု တည်းသာမက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် စီးပွားရေးကျင့်ဝတ်များ နှင့်အညီ နိုင်ငံတော်နှင့် ဟန်ချက် ညီစွာ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးတည်ငြိမ်စေရေးအတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိ ရာ အသင်းချုပ်နှင့် ညီနောင် အသင်းများအနေဖြင့်လည်း နိုင်ငံ့ စီးပွားရေရှည်ဖွံ့ဖြိုးရန် နိုင်ငံတော် နှင့် လက်တွဲပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမှာစကားပြောကြား သည်။
အကြံပြုချက်များ ဖြေကြား
ထို့နောက် နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဖတ်ကြားတင်ပြပြီး ပြင်ပစာရင်း စစ် JF Group-Certified Public Accountants & Auditors ၏ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြား တင်ပြကာ ကြိုတင်ပေးပို့ထား သည့် မေးခွန်းနှင့် အကြံပြုချက် များကို ဖြေကြားသည်။
ဆက်လက်၍ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို အတည်ပြုပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် အတွက် ပြင်ပစာရင်းစစ်ကို ခန့်အပ်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက နိဂုံးချုပ်စကား ပြောကြားပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ ခင်းကျင်း ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူ များ၊ ညီနောင်မိတ်ဖက်အသင်း များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
သတင်းစဉ်