ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော် ဧပြီ ၁၀

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha– Nukar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွား မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်