နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Igor SERGYENKO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲ ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H.E. Uladzimir BARAVIKOU နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့အနေ ဖြင့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်လျက်ရှိမှု အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှု အခြေအနေများ၊ စီးပွားရေး ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွား ကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံ ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်ကို က ပေးအပ်လိုက်သည့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်အား ဘယ်လာရုစ် နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လက်ရောက် ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



