
လားရှိုး ဧပြီ ၆
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အရ အရေးပေါ်ကာလ ဆောင်ရွက် ရန် လုပ်ငန်းများ ပြီးဆုံးပါက ရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရ ပါတီသို့ လွှဲပြောင်းပေးမည် ဖြစ် ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်အချိန် ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် လူဦးရေ စာရင်း၊ မဲစာရင်းများ မှန်ကန်စေ ရေးတို့ကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲ ခရိုင် ရွေးကောက်ပွဲအရာရှိများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိများက လုပ်ငန်း ဆောင်ရွက်နေမှုများကို တင်ပြကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
သတင်းစဉ်