ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံလမ်းညွှန်မှာကြား

Image not available
 
 
 
ရန်ကုန် ဖေဖော်ဝါရီ ၁၄
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြီးကြပ်မှာကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ သည်။
 
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ တက်ရောက်သည်။
 
ပြင်ဆင်ဆောင်ရွက်လျက်ရှိ
 
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များအားလုံးမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများအား စုံစုံညီညီ တွေ့ဆုံရသည့်အတွက် အင်မတန်ဝမ်းသာပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံငါးချက်ဖြစ်သည့် လွတ်လပ် ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံမှု ရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်း ဖြစ်ရမည်ဆို သည့် စံငါးချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံမှုရှိစေ ရေးအတွက်ကိုလည်း ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် ဆောင်ရွက် ခဲ့ပြီး ယခုလက်ရှိအချိန်ကာလသည် စီမံချက်အပိုင်း(၃)ဖြစ်သည့် ပြောင်းလဲ နေသည့် လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းဆောင်ရွက်နေသည့်ကာလ ဖြစ်ပါကြောင်း။
အဆိုပါစီမံချက်ကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှသာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းသည် ပြည့်စုံမှန်ကန်သော မဲစာရင်းတစ်ခုဖြစ်လာမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံ သားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် လည်း အမှားအယွင်းကင်းသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ပြောင်းလဲနေသော မဲဆန္ဒရှင်စာရင်းများကို လစဉ် စနစ်တကျဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ အလားတူ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန် တွင်လည်း မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုစစ်ဆေးကြစေရေးနှင့် မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း။
 
ဖွင့်လှစ်ပို့ချခဲ့
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်အဖွဲ့ခွဲများမှ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များနှင့် အရာထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆရာဖြစ်သင်တန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အုပ်စုသုံးအုပ်စုခွဲ၍ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို တက်ရောက်ခဲ့သည့် နည်းပြများက သက်ဆိုင်ရာ ခရိုင်များအလိုက် ဆင့်ပွားသင်တန်းများကို နှစ်ကြိမ်စီခွဲ၍ ဖွင့်လှစ်ပို့ချပြီးသည် ကို သိရှိရပါကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကြီးကြပ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး စွမ်းရည် မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း။
 
ယခု တက်ရောက်လာကြသူများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအား စံငါးချက်နှင့်အညီ စံပြရွေးကောက်ပွဲတစ်ခုအဖြစ် အောင်မြင် အောင် ဥပဒေနှင့်အညီ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြ မည့်သူများဖြစ်သည်ဟုလည်း ယုံကြည်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် မှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အများယုံကြည်လေးစားသော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် သုံးဦးအတွက် ၂၀၂၀ ပြည့်နှစ် တစ်နှစ်စာ ချီးမြှင့်ငွေ ခံစား ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စေတနာကို တုံ့ပြန်သောအားဖြင့် အဆင့်ဆင့်သောရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ကြိုးစားထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြိုတင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 
ပေးအပ်
 
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆိပ်ကမ်း မြို့နယ်တွင် တာဝန်ထမ်းဆောင်ပေးခဲ့ကြသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား တစ်ဦးချင်းစီသို့ ပေးအပ်သည်။
 
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်