ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ   မဲဆန္ဒရှင်စာရင်းများ  ပြည့်စုံမှန်ကန်ရေး  အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဇွန်   ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည်  ယနေ့နံနက် ၈ နာရီတွင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိသည့်  မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို  သွားရောက်ကြည့်ရှုအားပေး၍   လိုအပ်သည်များ  မှာကြား သည်။ 
 တက်ရောက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များ၊   ရန်ကုန်တိုင်းဒေသကြီး   လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊    သက်ဆိုင်ရာ   ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်       လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန တို့မှ တာဝန်ခံအရာရှိများ တက်ရောက်ကြသည်။
စစ်ဆေးမှုများဆောင်ရွက်
အဆိုပါ    အခြေခံလူဦးရေစာရင်းနှင့်    မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ပြည်ထောင်စုနယ်မြေ မှ   ထုတ်နုတ်ဝန်ထမ်းအင်အား  ၄၅ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးများမှ      ထုတ်နုတ် ဝန်ထမ်းအင်အား  ၅၅  ဦး စုစုပေါင်း ဝန်ထမ်း ၁၀၀ တို့ဖြင့်   ရန်ကုန်တိုင်းဒေသကြီး  သုဝဏ္ဏလူငယ် လေ့ကျင့်ရေးစင်တာတွင်   အခြေပြု၍    ယနေ့မှ စတင်ကာ သင်္ဃန်းကျွန်းမြို့နယ်နှင့် တာမွေမြို့နယ် တို့၏  မဲစာရင်းအခြေခံလူဦးရေစာရင်းအား မြေပြင် စိစစ်တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်