
နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီ များကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင် ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်း များအား စနစ်တကျဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက် လျက်ရှိရာ ဩဂုတ် ၃၁ ရက် နံနက် ၉ နာရီမှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဥတ္တရသီရိမြို့နယ် ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လည်းကောင်း (ယာပုံ)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ [UNION BETTERMENT PARTY (UBP)] ကို ဥတ္တရသီရိမြို့နယ် ဥတ္တရခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ လည်းကောင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့် ဖွဲ့စည်းစစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။ သတင်းစဉ်