
နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် သည် ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူ ဝါဆင်ဝါးနော်ခန်းမ၌ နိုင်ငံရေး ပါတီ ၇ ပါတီမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင် များအား တွေ့ဆုံ၍ ပါတီဝင် အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများ နှင့်အညီ ထူထောင်ဆောင်ရွက် ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံ တော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေး ပါတီများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ပါတီဝင် အင်အားစာရင်းများအား ပူးပေါင်း အဖွဲ့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက် ရန် မှာကြားသည်။
ထို့နောက် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တို့မှ တာဝန်ရှိသူများက နိုင်ငံရေး ပါတီ ၇ ပါတီ၏ ပါတီဝင်အင်အား စာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများက ပါတီအလိုက် အင်အားစာရင်းများ စစ်ဆေး ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ ကို တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပြီး ပါတီဝင်အင်အားစာရင်း များ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက် ရန် မှာကြားသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဌာန ဆိုင်ရာများ၊ ရွေးကောက်ပွဲအရာရှိ များ၊ ပါတီဝင် အင်အားစာရင်း တင်ပြထားသည့် နိုင်ငံရေးပါတီ ၇ ပါတီမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှု ဆောင်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်