
နေပြည်တော် မတ် ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီ များကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီး ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲ ခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စာရင်းစစ်ချုပ်ရုံးတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ကချင်ပြည်နယ်အခြေစိုက်ပါတီ ငါးပါတီ၊ ကရင်ပြည်နယ်အခြေစိုက် ပါတီ နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ နှစ်ပါတီ၊ တနင်္သာရီတိုင်းဒေသကြီး အခြေစိုက်ပါတီ တစ်ပါတီ၊ ပဲခူးတိုင်းဒေသ ကြီး အခြေစိုက်ပါတီ သုံးပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက် ပါတီ နှစ်ပါတီ၊ မွန်ပြည်နယ်အခြေစိုက် ပါတီ သုံးပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ခုနစ်ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၅ ပါတီ၊ ဧရာဝတီတိုင်း ဒေသကြီး အခြေစိုက်ပါတီ တစ်ပါတီနှင့် ပြည်ထောင်စုနယ်မြေ အခြေစိုက်ပါတီ လေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် မတ် ၇ ရက်မှ ၁၁ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး အခြေစိုက် ပါတီများဖြစ်သော မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကရင် အမျိုးသားပါတီတို့ကို လည်းကောင်း၊ မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက် ပါတီဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ချင်းပြည်နယ်အခြေစိုက် ပါတီဖြစ်သော ခူမီး(ခမီး) အမျိုးသား ပါတီတို့ကို ရခိုင်ပြည်နယ်တွင် လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက် ပါတီဖြစ်သော တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့် ရန်ကုန် တိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။
သတင်းစဉ်