ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၏ ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  ၂၃  ရက်


၁။    ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၃၇ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်နှင့် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်တို့၏  မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ် အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ မဲရုံအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


၂။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့၌ အောက်ပါအတိုင်း ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲပေးခဲ့ ကြပါသည်- 


    (က)    ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့်   တစ်သီးပုဂ္ဂလ   လွှတ်တော်ကိုယ်စားလှယ် လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  မဲရုံပေါင်း ၉၅၇ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၂၈၆၃၀၈ ဦး ရှိသည့်အနက် ၂၂၂၉၀၅  ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၇.၈၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။


    ( ခ )    စစ်ကိုင်းတိုင်းဒေသကြီး     မြို့နယ်   ၃၇    မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၆ ပါတီ    ကိုယ်စားပြု     လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်       တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး မဲရုံပေါင်း ၄၁၀၇ ရုံတွင်  မဲဆန္ဒရှင်  စုစုပေါင်း ၄၃၀၅၄၀၃ ဦး ရှိသည့်အနက် ၃၃၈၃၁၈၃ ဦး မဲပေးခဲ့ကြ သဖြင့် မဲပေးမှု ရာခိုင်နှုန်း ၇၈.၅၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။


    ( ဂ )    တနင်္သာရီတိုင်းဒေသကြီး    မြို့နယ် ၁၀  မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီ    ကိုယ်စားပြု    လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်        တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး   မဲရုံပေါင်း ၁၂၀၅ ရုံ၊   မဲဆန္ဒရှင်  စုစုပေါင်း ၁၁၉၁၈၉၀  ဦး ရှိသည့်အနက် ၇၉၂၇၂၅ ဦး မဲပေးခဲ့ကြ သဖြင့် မဲပေးမှု ရာခိုင်နှုန်း ၆၆.၅၁ ရာခိုင်နှုန်း ရှိခဲ့ပါသည်။


    (ဃ)    မွန်ပြည်နယ်  မြို့နယ် ၁၀ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၆ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၉၇၃ ရုံ၊ မဲဆန္ဒရှင်   စုစုပေါင်း ၁၈၄၇၇၈၀ ဦး ရှိသည့်အနက် ၁၀၆၈၅၂၅ ဦး   မဲပေးခဲ့ကြသဖြင့်   မဲပေးမှု  ရာခိုင်နှုန်း ၅၇.၈၃  ရာခိုင်နှုန်း ရှိခဲ့ပါသည်။


၃။    ချင်းပြည်နယ်     မြို့နယ် ၉ မြို့နယ်၏      ယခင် ရွေးကောက်ပွဲ ကော်မရှင်က   ထုတ်ပြန်ခဲ့သည့်   မဲဆန္ဒရှင်စာရင်းမှာ ၂၈၆၃၀၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာလ စာရင်းအရ   အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၂၉၇၇၈၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း များတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ် မရှိသူများမှာ  ၁၅၅၈၀ ဦး၊   နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၂၉၈၁ ဦး၊ ၂ ကြိမ်  ပါဝင်နေသူများမှာ  ၃၄၂၄၈  ဦး၊  ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်းထပ်နေသူ ၁၉၅၄ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၃၆၆ ဦး၊  ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်   အသက် ၁၈ နှစ်မပြည့်ဘဲ       မဲစာရင်း၌ပါဝင်နေသူ   ၁၈၅ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။


၄။    ချင်းပြည်နယ်    မြို့နယ် ၉ မြို့နယ်တွင်   မဲရုံပေါင်း ၉၅၇ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော  ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၂၇၄၅၅ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၁၈၅၉၅ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၂၀၈၈၆၀ ၊ မြေပြင်လက်ကျန် ၁၉၆၆၇၃ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။   ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေ အတွက် ၁၆၇၄၆ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၄၅၅၉  ဖြစ်သည်။


၅။    စစ်ကိုင်းတိုင်းဒေသကြီး    မြို့နယ် ၃၇ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့်   မဲဆန္ဒရှင်စာရင်းမှာ ၄၃၀၅၄၀၃ ဦး၊ အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၃၄၅၆၄၂၉ ဦး ဖြစ်သည်။   မဲဆန္ဒရှင်စာရင်းများတွင်   နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊   လက်မှတ်မရှိသူများမှာ    ၃၃၇၄၈၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၉၂၂၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူ များမှာ ၄၆၀၉၁၆ ဦး၊ တိုင်းဒေသကြီးအတွင်း    မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၇၁၈၇၂  ဦး၊ အသက် ၁၀၀ နှစ်အထက်  မဲစာရင်းတွင် ပါဝင်နေသူ ၁၈၉၇ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၁၄၆၆ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။


၆။    စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၃၇ မြို့နယ်တွင် မဲရုံပေါင်း ၄၁၀၇ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၈၃၄၀၅၂ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၃၃၅၈၆၅၉ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၄၇၅၃၉၃ ၊   မြေပြင် လက်ကျန် ၁၄၁၀၂၂၀ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက် အနေဖြင့် ကျန်ရှိရမည့်   အရေအတွက်ထက်   လျော့နည်းသော မဲလက်မှတ်အရေအတွက်    ၁၂၉၅၄၅ ဖြစ်ပြီး၊     အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၆၄၃၇၂  ဖြစ်သည်။ 


၇။    တနင်္သာရီတိုင်းဒေသကြီး   မြို့နယ် ၁၀ မြို့နယ်၏    ယခင် ရွေးကောက်ပွဲကော်မရှင်က   ထုတ်ပြန်ခဲ့သည့်   မဲဆန္ဒရှင်စာရင်းမှာ ၁၁၉၁၈၉၀ ဦး၊ အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၇၇၈၅၀၆ ဦး ဖြစ်သည်။     မဲဆန္ဒရှင်စာရင်းများတွင်    နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၁၉၃၉၉၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့် အထက် ပါဝင်နေသူများမှာ ၈၁၂၀  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၁၁၂၇၅၆ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အချင်းချင်း အပြန်အလှန် စစ်ဆေးခြင်း (Cross Check)အရ  မဲစာရင်းထပ်နေသူ ၂၈၉၅၈ ဦး၊ အသက်  ၁၀၀  နှစ်အထက်     မဲစာရင်းတွင်      ပါဝင်နေသူ ၇၀၈ ဦး၊   ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်    အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၃၆၆  ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

 


၈။    တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်တွင် မဲရုံပေါင်း ၁၂၀၅ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၁၂၉၉၉၇၂ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၇၈၇၉၇၆ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၅၁၁၉၉၆ ၊ မြေပြင်လက်ကျန် ၄၉၅၂၁၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေ အတွက် ၂၄၀၉၈ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက် မှာ ၇၃၂၁ ဖြစ်သည်။         


၉။    မွန်ပြည်နယ်   မြို့နယ် ၁၀ မြို့နယ်၏    ယခင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့်   မဲဆန္ဒရှင်စာရင်းမှာ ၁၈၄၇၇၈၀ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၁၆၀၂၉၆၀ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင်   နိုင်ငံသား၊   ဧည့်နိုင်ငံသား၊   နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၃၀၅၉၈၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ များမှာ ၁၃၀၀၂  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၁၇၄၂၆၈ ဦး၊ ပြည်နယ် အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်း ထပ်နေသူ ၂၆၈၂၈ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ          ၉၀၂  ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၄၈၅  ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။


၁၀။    မွန်ပြည်နယ်   မြို့နယ် ၁၀ မြို့နယ်တွင်   မဲရုံပေါင်း ၉၇၃ ရုံ၊ စုစုပေါင်း   ထုတ်ယူရရှိခဲ့သော   ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၂၀၂၃၇၇၆ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၁၀၃၉၂၉၅ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၉၈၄၄၈၁ ၊ မြေပြင်လက်ကျန် ၉၅၀၆၂၅ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသောမဲလက်မှတ် အရေ အတွက် ၄၅၅၆၈ ဖြစ်ပြီး၊ အပိုတွေ့ရှိ ရသော မဲလက်မှတ်အရေအတွက် မှာ ၁၁၇၁၂ ဖြစ်သည်။          
 ၁၁။    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်တို့၌ မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ  မြေပြင်စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-


၁၂။    ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၇- ၁၁- ၂၀၁၇ ရက်စွဲပါ   ကြေညာချက်အမှတ်(၃၂/ ၂၀၁၇) ဖြင့်   တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ     ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  ယင်းနောက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇)နှင့်   ၆-၁၂-၂၀၁၇  ရက်စွဲပါ ကြေညာချက်အမှတ်(၃၄/၂၀၁၇)တို့ ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်  NLD   ပါတီအမာခံများ ထည့်သွင်း၍   ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း   ကြေညာချက်များကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။    အဆိုပါ     ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များအဖြစ်     ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။


၁၃။    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/   အဖရ(၂၀၂၀) ဖြင့်    ညွှန်ကြားချက်အရ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင် စာရင်းများ     ပြည့်စုံမှန်ကန်ရေးအတွက်     ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ    ယင်းအဖွဲ့ကြောင့်ပင်    လူဦးရေစာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ပါဝင်မှုများ ဖြစ်ပွား ခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ           လူဦးရေစာရင်းများ ကျန်ရှိသေးကြောင်း ထပ်မံပေးပို့လာသည့်  စာရင်းများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ တွင်    ထပ်မံထည့်သွင်းခဲ့ရကြောင်း    တွေ့ရှိရသည်။    သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   (ရပ်ကွက်/ ကျေးရွာအုပ်စု)  တို့မှ အောက်ခြေတွင်   သေချာစွာစိစစ်ခြင်းမရှိဘဲ   ထပ်မံပေးပို့လာသည့် လူဦးရေစာရင်းများကြောင့်  မဲဆန္ဒရှင်စာရင်းတွင်   ပါဝင်ပြီးသူများ ထပ်မံပါဝင်လာသဖြင့်   မဲစာရင်းများ   ဖောင်းပွခြင်း၊   ထပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။


၁၄။    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်တို့တွင် မဲစာရင်းများပြုစုရန်အတွက် လူဦးရေ စာရင်း အချက်အလက်များကောက်ယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေး မှူးများက ဥက္ကဋ္ဌအဖြစ်ပါဝင်သည့်   လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့သည်။  မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက  ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများကောက်ယူရာတွင်  ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ်     စိစစ်နိုင်ခြင်းမရှိခဲ့သည့်အတွက်   မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်  တစ်ခုတည်းဖြင့် မဲစာရင်း  ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက်     ပါဝင်နေခြင်းတို့ကို      စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၆) မဲစာရင်း ပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို     သက်ဆိုင်ရာ မဲဆန္ဒနယ်၏   မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်းမရှိစေရ” ဟု    ပြဋ္ဌာန်းထားသော်လည်း     မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရသည်။   သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ   ပါဝင်ကြောင်းတွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်း မရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။


၁၅။    အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် အတွက် ရွေးကောက်ပွဲနေ့မတိုင်မီ  ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း     ယခင်     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က   ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များပါဝင်၍     နေအိမ်များသို့   သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့်     ဥပဒေနှင့်မညီသော   မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင် သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို    ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့ တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာ  ဆောင်ရွက်ခဲ့သည်။     ယင်းညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက် အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ 


၁၆။    မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက်  ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ၁၉- ၈- ၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော    မဲဆန္ဒရှင်   သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ များနှင့်  ညီညွတ်မှုမရှိသော   နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြ သဖြင့် သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို   ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။  ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌  အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ် မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှု များကို ဖြစ်ပေါ်စေခဲ့သဖြင့်  မဲရလဒ်များ   မှန်ကန်မျှတမှုမရှိကြောင်း  စိစစ်တွေ့ရှိရပါသည်။    


၁၇။    မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှု များ ဖြစ်ပေါ်ရခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုး မဟုတ်ဘဲ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊   မဲစာရင်းကောက်ယူခြင်း၊    မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ  စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊   ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း  စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင်  NLD ပါတီအနေဖြင့်    အုပ်ချုပ်ရေးအာဏာကို   အလွဲသုံးစားပြုလုပ်၍ ဝင်ရောက်စွက်ဖက်     မလျော်ဩဇာအသုံးပြုကာ    မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် အခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ အားလုံးကို  COVID- 19    ရောဂါကာကွယ်    ထိန်းချုပ်ရေးဆိုင်ရာ    ကန့်သတ်ချက်/ တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန်     ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊   ယခင်       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း   တရားဝင် အပ်နှင်းထားသော   လုပ်ပိုင်ခွင့်ကို     အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်  ဆောင်ရွက်ခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရသည်။


၁၈။    အထက်ပါ   စစ်ဆေးတွေ့ရှိချက်များအရ    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စိစစ်တွေ့ရှိရသည့်အပြင် လွတ်လပ်၍    တရားမျှတမှုမရှိကြောင်း     ပေါ်လွင်ထင်ရှားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲနှင့်        စပ်လျဉ်း၍ ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၃၇ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်နှင့် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ် တို့၏ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊   တိုင်းဒေသကြီး/ ပြည်နယ်  လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် များ ရွေးကောက်တင်မြှောက်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
                                

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်