
နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ၌ သင်တန်းတက်ရောက်လျက်ရှိသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ရှိ သင်ကြားရေးနှင့် အုပ်ချုပ်မှုဌာန အသီးသီးမှ ဆရာ၊ ဆရာမ နိုင်ငံ့ဝန်ထမ်းများကို ရတနာသိင်္ဃခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် က အစိုးရကဦးဆောင်ချမှတ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အင်အားကောင်းသော၊ လုပ်ငန်းကျွမ်းကျင်မှုရှိသော၊ စည်းကမ်းရှိသော၊ စနစ်တကျ ဆောင်ရွက်နိုင်စွမ်းရှိသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ၏ စွမ်းအားသည် အရေးကြီးဆုံး သော ကနဦးလိုအပ်ချက် တစ်ချက်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အကာအကွယ် ပေးရန် အင်အားကောင်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ပြည်သူ လူထုနှင့် နိုင်ငံတော်ကို အကျိုးပြုရန်အတွက် စနစ် တကျ ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း မှတစ်ဆင့် ကောင်းမွန်သော အစိုးရဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်ကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ချမှတ် ထားသည်ကို သိကြစေလိုကြောင်း၊ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဩဇာ အာဏာ ထူထောင်ရန်မဟုတ်ဘဲ ပြည်သူလူထု အကျိုးကိုသာ ရှေးရှုပြီး အာဏာကိုကန့်သတ်ရန်၊ အာဏာကို ဖြန့်ခွဲရန် စသည့်ဒီမိုကရေစီစံနှုန်းများ နှင့် ညီညွတ်ရန်လိုကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ အနှစ်သာရ သဘောတရားများနှင့်အညီ အစိုးရအဖွဲ့၏ မူဝါဒ များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ ရွေးချယ်ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေး၊ တည်ငြိမ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော် တည်ဆောက်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းပြီး စည်းကမ်းရှိ၍ စနစ်တကျ လုပ်ဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်း အမှု ထမ်း၊ အရာထမ်းများဖြစ်စေရန်၊ ဌာနဆိုင်ရာအလိုက် သီးခြားလိုအပ်သည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း များ သင်ကြားလေ့ကျင့်ပေးပြီး ကဏ္ဍနယ်ပယ် အလိုက် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကို လေ့ကျင့် မွေးထုတ်ပေးရန်နှင့် သီးခြားစီ တာဝန်ခွဲဝေဆောင် ရွက်လျက်ရှိသော လုပ်ငန်းကဏ္ဍများကို ဆက်စပ် ဆောင်ရွက်နိုင်ရန်အတွက် စီမံအုပ်ချုပ်မှု ယန္တရား ဖွဲ့စည်းတည်ဆောက်ပေးရန် ဟု ရည်မှန်းချက်များ ထားရှိဖော်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် လေ့ကျင့်သင်ကြားရေးအပိုင်းတွင် အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ တာဝန်ယူသည့်ကာလ အတွင်း နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၃၇၅၁၄ ဦးကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်း တက်ရောက်ရန်အတွက် ဝန်ထမ်း၏ ကျန်းမာရေးကို ဂရုတစိုက် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုနှစ်အတွင်း သွားလာရေးအခက်အခဲ ကြောင့် သင်တန်းသား ၂၉၇ ဦး ကင်းလွတ်ခွင့်ပေး ခဲ့ပြီး ကျန်းမာရေးကိစ္စကြောင့် စနစ်တကျ ဆေးကုသ ခံယူရန် သင်တန်းကင်းလွတ်ခွင့်ဖြင့် ၇၃ ဦး ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကိုလည်း မျက်ခြည်မပြတ် မိဘသဖွယ် ဆောင်ရွက်ပေးနေသည် ကို သိရှိကြစေလိုပြီး တစ်ဦးချင်းစီမှလည်း ကာယ ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ပြည့်စုံ နေရန် ကိုယ်စီ ထိန်းသိမ်းကြရမည် ဟူသော အသိရှိ နေရန်လိုပါကြောင်း။
မိမိတို့နိုင်ငံအပေါ်မှာ အခွင့်အရေးယူလိုသော နိုင်ငံများ၊ မဟာဗျူဟာအရ အသုံးချလိုသော အင်အားကြီးနိုင်ငံများ၊ နိုင်ငံရေးမျိုးစေ့မမှန်သော ပြည်တွင်းမှ အခွင့်အရေးသမားများ ပေါင်းစပ်မိပြီး ပေါ်ထွက်လာခဲ့သည့် အကြမ်းဖက် အကျပ်ကိုင်ခဲ့မှု များကြောင့် မတည်မငြိမ်ဖြစ်ပြီး ကျဆင်းခဲ့ရသည့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ကုသမှု လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အခွင့် အလမ်းကောင်း ဖန်တီးပေးနိုင်မှု အခြေအနေများနှင့် ကသောင်း ကနင်း ဖြစ်လျက်ရှိသော အခြေအနေအရပ်ရပ်ကို ပြန်လည်တည်မတ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လုံခြုံရေးဆိုင်ရာ အချို့သော အကျပ်အတည်းများ ကြားမှ ပြည်သူလူထု၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ နှင့် လက်တွဲပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း။
တစ်ချိန်က အရှေ့တောင်အာရှတွင် အင်အားကြီး သောလက်နက် နိုင်ငံတော်တစ်ခုဖြစ်ခဲ့ရာမှ အားနည်း သော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၊ မပီပြင်သည့် စီမံ အုပ်ချုပ်ရေး အခြေအနေ ဖြစ်ပေါ်ခဲ့ချိန်များတွင် အချုပ်အခြာအာဏာ ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့သည့် သမိုင်းကို မမေ့ရန်လိုကြောင်း၊ နောက်ထပ် အလား တူ အမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျ အားကောင်းသော စီမံအုပ်ချုပ်မှုစနစ် (နိုင်ငံ့ဝန်ထမ်း စနစ်) တည်ဆောက်ရန် ဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ်ကြောင်း။
သို့အတွက် မွန်မြတ်သော တာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီကလည်း မိမိတို့၏ ကိုယ်ကာယကျန်းမာရေး၊ စိတ်ကျန်းမာ ရေးကို ပြုစုပျိုးထောင်ကြရန်နှင့် သမိုင်းသင်ခန်းစာ များကိုသိရှိကြပြီး မိမိတို့ တာဝန်ထမ်းဆောင်သော ဝန်ထမ်းအဖွဲ့အစည်းများ ခိုင်မာအားကောင်းပြီး ပြည်သူလူထုနှင့် နိုင်ငံတော်မှ အားကိုးအားထားပြု ထိုက်သူများ ဖြစ်စေရန် ဆရာ၊ဆရာမများ သင်တန်း သား၊ သင်တန်းသူများအနေဖြင့် အမြဲအမှတ်တရ သတိထားကြိုးစားသွားကြရန် တိုက်တွန်းမှာကြား ပြီး တက်ရောက်လာကြသော ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်