
နေပြည်တော် စက်တင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေး လူဦးရေ ၄၄၇ ဦး အသုံးပြုလျက်ရှိသည့် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် လူထုဗဟိုပြု စီမံကိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့သည့် ခန်းမဆောင်တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ငါးတဲစုကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့သည် ကျေးရွာတွင်း ကွန်ကရစ်လမ်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေ လိုကြောင်း၊ ပိုင်ရှင်စိတ် (Ownership) ဖြင့် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ် ကြောင်း ဆွေးနွေးမှာကြားသည်။
ဦးစားပေးဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ငါးတဲစုကျေးရွာ ငွေမြိုင်သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေး သမဝါယမအသင်းသို့ ရောက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ကာ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝါးနှင့် ဝါးထုတ်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး ဝါးလက်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဓာတ်ဆီ အင်ဂျင်၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း များကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားသည်။
ဖြည့်စွက်မှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာတွင် ဒေသခံတောင်သူများ၊ သမဝါယမအသင်းသားများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး တောင်သူ လိုအပ်ချက်ဖြစ်သည့် အရင်းအနှီး၊ မျိုး၊ သွင်းအားစုများ၊ စက်ကိရိယာများနှင့် နည်းပညာ များအား မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေလူဦးရေ ၆၄၆ ဦး အကျိုးပြုမည့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေ ရရှိရေးလုပ်ငန်း ၄၇ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား ၄၂ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ခုနစ်ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၆ ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃၄)ကြိမ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်