
နေပြည်တော် ဖေဖော်ဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံလည်ပတ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိ မြို့နယ်အတွင်းရှိ ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ ဖြင့် ဆောင်ရွက်ခဲ့သည့် တစ်ရက်လျှင် စပါးတန် ၂၀ ကြိတ်ခွဲသန့်စင်နိုင်မည့် စက်ရုံသို့ ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းမှ စက်ရုံ အား စွမ်းအားပြည့် လည်ပတ်အသုံးချနိုင်ရေး၊ ဆောင်ရွက်ပေးထားသည့် ဆန်စက်ကို ပြည်သူများ အကျိုးရှိစွာအသုံးချပြီး ကျေးလက်တောင်သူ ဝင်ငွေ တိုးပွားရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါက အစီအမံများ ရေးဆွဲ တင်ပြပေးရန်နှင့် လိုအပ်ချက်များအပေါ် မိမိတို့ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ စက်ရုံစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး အရင်းအနှီးငွေကြေးများ ရရှိ အောင်၊ ဈေးကွက်ရရှိအောင် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အသင်းသား ၁၃၅ ဦး၏ ဧက ၅၀၀ ကျော်ကို Contract Farming စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံသို့ တောင်သူများ အခက်အခဲမရှိ လာရောက်ကြိတ်ခွဲနိုင် ရေး တာဝန်ရှိသူအဆင့်ဆင့်မှ စီစဉ်ဆောင်ရွက်ထား ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ စက်ရုံ အတွင်းရှိ လည်ပတ်မှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက် နှင့် သိုလှောင်ရုံကို ကိုရီးယားနိုင်ငံ၏ နည်းပညာအကူ အညီ၊ ငွေကြေးအထောက်အပံ့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ စက်ရုံတွင် စပါးတင်း ၆၀၀၀၀ သိုလှောင်နိုင်ကာ တစ်ကြိမ်လျှင် စပါးတင်း ၂၀၀၀ အခြောက်ခံပေး နိုင်၍ တစ်ရက်လျှင် စပါးတန် ၂၀ နှင့် ညီမျှသည့် စပါးတင်း ၁၀၀၀ ကို ကြိတ်ခွဲသန့်စင်ပေးနိုင်ကြောင်း၊ စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြည့်ဆည်းဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ရှိ တစ်ရက်လျှင် စပါးတန် ၂၀ နှင့်ညီမျှ သည့် စပါးတင်း ၁၀၀၀ ကို ကြိတ်ခွဲသန့်စင်ပေးနိုင်သော မင်းဆက်စံဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေး စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်