
နေပြည်တော် ဩဂုတ် ၁၇
(၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ အစိုးရ၊လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုး ဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ UPDJC အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ် စန်းမြင့်၊ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မောင်သောင်းနှင့် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(CNF)၊ စဝ်စိုင်းငင်း (RCSS)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း(ALP)၊ ပဒိုစောတာဒိုမူး(KNU)၊ ခွန်မြင့်ထွန်း(PNLO)၊ စောစိန်ဝင်း (DKBA)၊ စောကျော်ညွန့်(KNU/KNLA PC)၊ နိုင်အောင်မင်း (NMSP)၊ ကျာဆော်လမွန်(LDU)၊ မိဆူးပွင့် (ABSDF)၊ ဆလိုင်းထလာဟေး (CNF)၊ ဒေါက်တာ စိုင်းဦး(RCSS)၊ စောစမစ်ဒွန်း(DKBA)၊ ခိုင်လင်းခိုင် (ALP)နှင့် ပဒိုစောအယ် ကလူစေး (KNU) ၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာ))၊ ဦးနိုင်ငံလင်း (NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော် ညွန့်(SNLD)၊ တာလှဖေ(တအာင်း(ပလောင်))၊ ဦးသိန်းထွန်း (NUP)၊ ဦးအောင်ကြည်ညွန့် (NLD)၊ ဒေါက်တာ အောင်မြတ် ဦး (USDP)၊ ဦးဦးလှစော(ANP)၊ ခွန်ထွန်းရွှေ (PNLO)၊ ဦးဇမ် ဇမုန် (ဇိုမီးဒီမိုကရေစီပါတီ)၊ ဦးရွှေမင်း (လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ)၊ ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ပြည်သူ့ပါတီ)၊ နိုင်တလညီ(မွန်ညီညွတ် ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ် ရေးပါတီ)နှင့် စောထွန်းအောင်မြင့် (ကရင်ပြည်သူ့ပါတီ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိန့်ခွန်းပြောကြား
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ- ၅ တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက မိမိတို့သည် ကိုဗစ်-၁၉ ကာလတွင် တွေ့ဆုံပြီး ကမ္ဘာကြီးတွင် မည်သို့ကပ်ဆိုက်မှုမျိုးကြုံတွေ့ နေပါစေ မိမိတို့တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် များစွာ အရေး ကြီးသည်ဆိုသည့် ခံယူချက်ဖြင့် ယခုအစည်းအဝေးကို ကျင်းပနေရခြင်း ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်
မိမိတို့ UPDJC ၏ အဓိကတာဝန်သည် NCA စာချုပ် အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော “နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်ကြီးကြပ်” ရန် ဖြစ်ပါကြောင်း၊ ယင်း နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ အဓိကဦးတည်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုသည့်အချက် ဖြစ်ပါကြောင်း၊ ယင်းဦးတည်ချက်နှင့်အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်နေသောဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ်ရေးသည် မိမိတို့ UPDJC ၏ တာဝန်ဖြစ်ပါ ကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပြီဆိုပါက မိမိတို့ တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ထားပါ ကြောင်း၊ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းစေရမည်ဟု ယုံကြည်ပါ ကြောင်း၊ သန္နိဋ္ဌာန်လည်းချထားပါကြောင်း၊ သို့သော် ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံမူများကိုဖော်ထုတ်ရန် ကြိုးပမ်းရင်း မိမိတို့နိုင်ငံရေးဆွေးနွေးပွဲများသည် တစ်ဆို့မှု များနှင့် ခဏခဏကြုံတွေ့နေရပါကြောင်း။
ငြိမ်းချမ်းရေး ရစေရမည်ဟု သန္နိဋ္ဌာန်ချ
စိုးရိမ်မှုနှင့် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးနှစ်လုံး၏ အားပြိုင်မှုကြားတွင် တစ်ဆို့မှုများကို မကြာခဏ ရင်ဆိုင်နေ ရပါကြောင်း၊ သို့သော် နောက်ဆုံးသောနေ့တွင် ငြိမ်းချမ်းရေး ကသာ အနိုင်ရမည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး သာ အောင်ပွဲခံနိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြင့်ပင် စိုးရိမ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးက ငြိမ်းချမ်းရေးရစေရမည်ဟု သန္နိဋ္ဌာန်ချပြီး ဆက်လက်ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက လွန်ခဲ့သည့်နှစ်ရက်က မိမိတို့နိုင်ငံရေးပါတီအစုအဖွဲ့ကို အစိုးရနှင့် EAO မှ တာဝန်ရှိပုဂ္ဂိုလ်များက ထူးခြားသည့် ငြိမ်းချမ်းရေးအခြေအနေများကိုရှင်းပြကြပါကြောင်း၊ ထိုသို့ ရှင်းပြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် အောင်မြင်မှု အတွက် ဝမ်းသာပါကြောင်း။
စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ကို မွေးမြူ
မိမိတို့အားလုံးသည် ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုး စွန့်ရန် သန္နိဋ္ဌာန်ချထားသူများဖြစ်ပါကြောင်း၊ အဓိက အနေဖြင့် ငြိမ်းချမ်းရေးရလဒ်ကောင်းရန် အရေးကြီးပါ ကြောင်း၊ ရလဒ်ကောင်းရန် မိမိတို့အချင်းချင်း စိတ်ဝမ်း မကွဲဘဲ ညီညွတ်ရမည်ဖြစ်ပါကြောင်း၊ ညီညွတ်မှ အောင်မြင် မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်ထောင်စုငြိမ်းချမ်းရေး ရရှိရေး၊ ထာဝရတည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီယဉ်ကျေး မှု ထွန်းကားရေးအတွက် အလွန်ကြီးမားသည့် မျှော်မှန်းချက်ထားရှိသူများဖြစ်သည့်အတွက် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ကို မွေးမြူနိုင်ကြရမည်ဖြစ်ပါကြောင်း၊ စာအုပ် တွင် ရေးသားထားသည့် အစီအစဉ်များသည် ပြည့်စုံ သလောက်ရှိပါကြောင်း၊ လက်တွေ့အကောင်အထည် ဖော်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးသည် ထူးခြားသည့် exceptional work ဖြစ်ပါကြောင်း၊ အားလုံးကိုလည်း ထူးချွန်သူများ (exceptional men) ဖြစ်စေလိုပါကြောင်း၊ မိမိတို့ ပြည်ထောင်စုကြီးအတွက် ဂုဏ်ယူကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ က အစည်းအဝေးအစီအစဉ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်အတည်ပြုခြင်း၊ UPDJCအဖွဲ့ဝင် အစားထိုးပြောင်းလဲတာဝန်ပေးအပ်ခြင်း၊ (၉) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ၌ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်များ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင် စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘော တူညီချက်များကို အတည်ပြုခြင်း၊ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် အမှတ် ၈ ၊ အမှတ် ၁၁ နှင့် အမှတ် ၁၂ (က) နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ရေးကိစ္စတင်ပြခြင်း၊ ညီလာခံ၌ UPDJC နှင့် JMC အစီရင်ခံစာများ တင်သွင်းရေးကိစ္စဆွေးနွေး အတည်ပြုခြင်း၊ ညီလာခံရက်အလိုက်အစီအစဉ်နှင့် ကျင်းပ မည့်ပုံစံ၊ ညီလာခံပထမနေ့အစီအစဉ်၊ ညီလာခံသဘာပတိ များကိစ္စ၊ ညီလာခံတွင် လုပ်ငန်းတာဝန် ခွဲဝေမှုနှင့် ညီလာခံ ကိုယ်စား လှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ငြိမ်းချမ်းရေးအတွက် အားတက်ရ
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ UPDJC အစည်းအဝေး သည် အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ဖြင့် အားရ စရာ၊ ဝမ်းသာစရာကောင်းသည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားသွားသည်များကို ခြုံပြီးကြည့်ပါက မိမိတို့ တောင့်တမျှော်လင့်နေကြသည့် ငြိမ်းချမ်းရေးအတွက် အားတက်ရပါကြောင်း၊ မိမိတို့ တည်ထောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အတွက်လည်း စိတ်ချပြီး ဝမ်းမြောက်ပါကြောင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ပြောကြားသည်များကို ခြုံကြည့်လိုက်မည်ဆိုပါက ပြည်ထောင်စုကြီးအတွက်၊ တိုင်းရင်းသားပြည်သူများအတွက် အကြံဉာဏ်ကောင်းများ ပါသည့်အတွက် ပြည့်စုံသည်ဟု ဆိုချင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကလည်း အများပြည်သူကိုယ်စား ငြိမ်းချမ်းရေးသတင်းကောင်းများ ကြားရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း။
ငြိမ်းချမ်းရေးဆုလာဘ်ကို မျှော်လင့်
ယခုကဲ့သို့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနိုင်မည်ဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ငြိမ်းချမ်းရေးဆုလာဘ်ကို မျှော်လင့်စောင့်စား နေကြသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ က ဦးဆောင်ပြီး သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေး ရရှိအောင် စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်လျက်ရှိပါ ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရည်မှန်းပြီး အရောက်လှမ်းနေကြပါကြောင်း၊ ယခုဆိုလျှင် ညီလာခံစခန်းကို ရောက်ရှိလာပြီဖြစ်၍ ပန်းတိုင်နှင့် နီးကပ်လာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးအောင်လံကို ဆွတ်ခူးနိုင်ရန် ညီလာခံကိုယ်စား လှယ်များလည်း ပူးပေါင်းပါဝင်အားထုတ်ကြမည် ဖြစ်ပါ ကြောင်း၊ ယခုကာလတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းသည် အလွန်ခက်ခဲသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသူများအနေဖြင့် အမှန်တကယ် ကြိုးစား လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ စိတ်ရှည်၊ သည်းခံရမည် ဖြစ်ပါကြောင်း၊ မှန်တာလုပ်သည်၊ ကောင်းတာလုပ်သည် ဆိုရုံဖြင့် မလုံလောက်ပါကြောင်း၊ ကောင်းရန်၊ မှန်ရန် လိုအပ်သကဲ့သို့ အများကလည်း လက်ခံသဘောတူရန် လိုအပ်ပါကြောင်း၊ ရိုးသားဖြောင့်မတ်ပြီး ရှင်းရှင်းလင်းလင်း နားလည် အောင် ပြောတတ်သည့် အရည်အချင်းရှိရန်လည်း လိုအပ်ပါကြောင်း၊ အားလုံးအတွက် ငြိမ်းချမ်းရေးကို အဟန့်အတားမဖြစ်စေဘဲ ငြိမ်းချမ်းရေးအကျိုးဖြစ်ထွန်းအောင် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်ကြပါစေဟု ပြောကြားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ယနေ့ကျင်းပသည့် အစည်းအဝေး သည် အောင်မြင်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက် ၉ ချက်နှင့် မှတ်တမ်းတင်ခြင်း ၁ ခုကို လုပ်နိုင် ခဲ့ပါကြောင်း၊ ထို့ပြင် ယခုကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ပေးကြသည့် JICM ခေါင်းဆောင်ကြီးများနှင့် JICM အလုပ်အဖွဲ့ကိုလည်း မှတ်တမ်းတင်သည့်အကြောင်း ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့ကို ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါကြောင်း၊ အဖွဲ့အသီးသီးမှ သီးခြား ညီလာခံများ၊ ဆွေးနွေးမှုများပြုလုပ်ပြီး လက်ခံသင့်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း၊ မိမိတို့ ချင်းအမျိုးသားတပ်ဦးမှ လည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပါဝင်ရန် အစီအစဉ်ရှိသည့်အတွက် ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လာခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တစ်ခါမျှ လက်နက်မကိုင်ခဲ့ဖူးပါကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက လက်နက်ကိုင်လမ်းစဉ် ထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ပိုမိုလိုလားပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာကို စစ်မြေပြင်တွင် မဖြေရှင်းဘဲ ယခုကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း။
ဝိုင်းဝန်းပြီးလုပ်ဆောင်
မိမိတို့ JICM အစည်းအဝေး၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းတွင် စေတနာမှန်ရမည်၊ ဉာဏ်ပညာရှိမည်၊ သတ္တိလည်းရှိရမည်ဆိုသည့် စကားပါ ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး စေတနာမှန်မှန်ဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းရန်အတွက် ဆက်လက် ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
တညီတညွတ်တည်း သဘောတူဆုံးဖြတ်
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုး ဝင်းက ယနေ့ UPDJC အစည်းအဝေးတွင် ဆုံးဖြတ်ချက် ပေါင်း (၉)ချက်ကို တညီတညွတ်တည်း သဘောတူဆုံးဖြတ် နိုင်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်များသည် လာမည့် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကတာဝန် ယူရ သည့် UPDJC ၏ သန္နိဋ္ဌာန်ကို ဖော်ပြနေသည်ဟု ဆိုနိုင် ပါကြောင်း။
နိုင်ငံရေးဆွေးနွေးပွဲများသည် အထူးပင်အရေးကြီး
ပထမဆုံးအချက်အနေဖြင့် ပြောကြားလိုသည်မှာ ယနေ့ ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်၊ ငြိမ်းချမ်းရေးရရှိရန် နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရန် UPDJC က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများသည် အထူးပင် အရေးကြီးလှပါကြောင်း၊ UPDJC သည် အစုအဖွဲ့ (၃)ဖွဲ့ အညီအမျှ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကော်မတီဖြစ်ပါကြောင်း၊ အစုအဖွဲ့ တစ်ဖွဲ့ချင်း၏ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထွက်ပေါ်လာသည့် အစည်းအဝေးဆုံးဖြတ်ချက် ရလဒ်များ က ဖော်ပြနေပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ မိမိတို့ UPDJC အဖွဲ့ဝင်များသည် ဆွေးနွေးပွဲတွင် ငြင်းခုံသော်လည်း တစ်ဦးနှင့်တစ်ဦး အခင်အမင်မပျက်၊ ရင်းနှီးမှုမပျက် လုပ်ဖော်ကိုင်ဖက်များ ငြိမ်းချမ်းရေး ဖော်ဆောင်သူများအနေဖြင့် နားလည်မှုရှိရှိ ဆောင်ရွက်နိုင် ကြသည့်အနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။
ယုံကြည်မှုများတိုးတက်မြင့်မားလာ
မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် UPDJC အနေဖြင့် ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်ပါ ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရှည်ကြာခဲ့ သည်နှင့်အမျှ သဘောထားကွဲလွဲမှုများ ပိုမိုမြင့်မားလာပြီး နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဆွေးနွေးရန် ပိုမိုခက်ခဲလာ တတ်ကြပါကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း နိုင်သည့် အခွင့်အရေးများ ပိုမိုလမ်းပွင့်လာသည်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်းကျဆင်းသွားလေ့ရှိပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC၏ ဆွေးနွေးညှိနှိုင်းမှုများ တွင် ရလဒ်ကောင်းများ တိုးတက်မှုရှိလာလျှင် နိုင်ငံရေး ဆွေးနွေးပွဲများအပေါ် ယုံကြည်မှုများတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးစားပွဲဝိုင်း ဆီသို့ ရောက်မလာနိုင်သေးသည့် ကျန်ရစ်နေ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးကို ပိုမိုစိတ်ဝင်စားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC၏ အခန်းကဏ္ဍသည် အထူးပင် အရေးကြီး သကဲ့သို့ ထမ်းဆောင်ရမည့် တာဝန်လည်း ကြီးလေးပါ ကြောင်း။
ဆွေးနွေးပွဲ စားပွဲဝိုင်းများတွင် ပါဝင်နေ
ဒုတိယအချက်အနေဖြင့် ပြောကြားလိုသည်မှာ ယနေ့ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတစ်ခုတည်းမဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးတစ်ခုတည်းအတွက်လည်း မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building) ၊ နိုင်ငံ တည်ဆောက်ရေး (State Building)နှင့် ပြည်ထောင်စု တည်ဆောက်ရေး (Nation Building) လုပ်ငန်းစဉ်များ ပါဝင်စုစည်းနေသည့် ရေရှည်သဘောဆောင်သော လုပ်ငန်း စဉ်ဖြစ် ပါကြောင်း၊ မိမိတို့ ယနေ့ ကြိုးပမ်းဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရလဒ်သုညလုပ်ငန်းစဉ် မဟုတ်ပါကြောင်း၊ ဆွေးနွေးပွဲစားပွဲဝိုင်းများတွင် ပါဝင်နေ သော အစုအဖွဲ့များအတွက် သက်သက်မဟုတ်ပါကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေကြသူများ အတွက်လည်း မဟုတ်ပါကြောင်း။
အကောင်းမွန်ဆုံး ဖြေရှင်းချက်များရရှိလာ
ယနေ့ ကြိုးပမ်းဆောင်ရွက်နေသည့် Peace Process သည် ပါဝင်သူအားလုံးအတွက်သာမက ပြည်ထောင်စုတစ်ခုလုံးအတွက်ပါ မျှော်မှန်းဆောင်ရွက် နေကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ အဖြေရှာဖွေကြရာ တွင်လည်း သက်ဆိုင်သူများအတွက် သာမက ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ပြဿနာများကို အကောင်းမွန်ဆုံး ဖြေရှင်းချက်များ ရရှိလာ အောင် ဆွေးနွေးညှိနှိုင်းကြရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ အထိ ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အတွက်လည်း ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြရသည်မှာလည်း ထူးခြားချက်ဟု ဆိုနိုင်ပါကြောင်း။
အစိတ်အပိုင်း (၃)ကို ချုပ်ဆိုနိုင်တော့မည်
UPDJC ၏အလုပ်အဖွဲ့ ဖြစ်သည့် အတွင်းရေးမှူးများ သည် UPDJC က ဆုံးဖြတ်နိုင်ရန်အတွက် ထိထိရောက် ရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပါကြောင်း၊ UPDJC အဖွဲ့ဝင်များအနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ UPDJC အစည်းအဝေး (၁၄) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံကို (၄) ကြိမ်အထိ ကျင်းပနိုင်တော့မည် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့်(၂)တွင် အခြေခံမူ (၅၁)ချက်အထိ ချမှတ်နိုင်ခဲ့ပြီး လာမည့်စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃)ကို ချုပ်ဆိုနိုင်တော့မည် ဖြစ်ပါ ကြောင်း၊ ယနေ့ UPDJC အစည်းအဝေး၌ သဘောတူခဲ့ကြ သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃ )တွင် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက် (၁၅)ချက်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ(၅)ချက် အပြင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုင်ရာ ဇယားတစ်ခု တို့ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် တွင် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ အဆင်သင့် ဖော်ဆောင်သွားနိုင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာခြင်းသည် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ထူးခြားလေးနက်သည့်မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေ တော့မည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအတွက် ယခုကဲ့သို့ထူးခြားလေးနက်သည့်ရလဒ်ကောင်းများ ထွက်ပေါ်လာ အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ အစုအဖွဲ့အသီးသီးမှခေါင်းဆောင်များ၊ UPDJC အဖွဲ့ဝင်များနှင့်အလုပ် အဖွဲ့မှ အတွင်းရေးမှူးများအားလုံးကို ကျေးဇူးအထူးတင် ရှိကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း၊ UPDJC အဖွဲ့ဝင်များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ စွာဖြင့် ရှေ့ဆက်မည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးခရီးတွင် တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြရန် အလေးအနက်ဆန္ဒပြုလိုက်ပါ ကြောင်း ပြောကြားသည်။
ဆုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်
ယနေ့ အစည်းအဝေးမစတင်မီတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အချိန်ကာလ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ- (UPDJC) တွင် ငြိမ်းချမ်းရေးဦးဆောင်တစ်ဦး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေနှင့် ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန် မောင်သောင်းနှင့် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း၊ စဝ်စိုင်း ငင်း၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ပဒိုစောတာဒိုမူး၊ ခွန်မြင့် ထွန်း၊ စောစိန်ဝင်း၊ စောကျော်ညွန့်၊ နိုင်အောင်မင်း၊ ကျာဆော်လမွန်၊ မိဆူးပွင့်၊ ဆလိုင်းထလာဟေး၊ ဒေါက်တာ စိုင်းဦး၊ ပဒိုမန်းငြိမ်းမောင်၊ စောစမစ်ဒွန်း၊ ခိုင်လင်းခိုင်နှင့် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးသုဝေ၊ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးသိန်း ထွန်း၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာအောင်မြတ်ဦး၊ ဦးဦးလှစော၊ ခွန်ထွန်းရွှေ၊ ဦးဇမ်ဇမုန်၊ ဦးရွှေမင်း၊ ဒေါက်တာ တူးဂျာ၊ နိုင်တလညီ၊ ဒေါ်ရင်ရင်မေနှင့် စောထွန်းအောင် မြင့်တို့အား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေးဖော်ဆောင်သူများ ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို လက်ရောက်ပေးအပ်ကြောင်း အခမ်း အနားမှူးများက ကြေညာခဲ့သည်။ သတင်းစဉ်