
နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်း သွားရောက်ကြည့်ရှု အားပေးသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၄၃ ဦး၊ ရန်ကုန် မြို့တွင် ၁၅၃ ဦးနှင့် မန္တလေး မြို့တွင် ၂၇ ဦး သွေးလှူရှင် စုစုပေါင်း ၂၂၃ ဦးတို့က ပါဝင် လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်း ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီး နှင့် တာဝန်ရှိသူများက သွေးလှူ ဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာ နှင့် ဆေးဝါးများ ပေးအပ်သည်။
ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေး လှူဒါန်းမှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပြီး ဒုတိယ ဝန်ကြီးချုပ်က အမှတ်တရ လက်ဆောင်များ ပြန်လည် ပေးအပ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နိုင်ငံတစ်ဝန်းစုပေါင်း သွေးလှူဒါန်းခြင်း အစီအစဉ် များကို ၂၀၁၆ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခု အကြိမ်မှာ (၁၀) ကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်