
* တစ်မြေတည်း နေ
တစ်ရေတည်း သုံး
ဒို့အားလုံး “မြန်မာ” ဆိုတဲ့ စိတ် . . ။
* အညာ အကြေ
တောင်ပေါ် မြေပြန့်
နေရာဒေသ မခွဲ
တစ်သားတည်း ဆိုတဲ့ စိတ် . . ။
* မရှိအတူ ရှိအတူ
အေးအတူ ပူအမျှ
အတူတကွ လက်တွဲ
တစ်သွေးတည်း ဆိုတဲ့ စိတ် . . ။
* ကိုယ့်အမျိုး ကိုယ့်ဘာသာ
ကိုယ့်ရိုးရာ ယဉ်ကျေးမှု
စံပြု ဂုဏ်ယူတတ်တဲ့ စိတ် . . ။
* နိုင်ငံ့အရေး၊ သားချင်းအရေး
အရေးပေါ်တိုင်း၊ တုံ့မဆိုင်းဘဲ
“ဒိုင်း” နှယ် ရန်တား၊ “ဓား ”နှယ် ရန်ရှင်း
စောင့်ရှောက်ခြင်းနဲ့
သွေးရင်းပီသတဲ့ စိတ် . . ။
* ဥလည်း မကွဲ၊ သိုက်လည်း မပျက်
တွဲလက်ခိုင်မာ၊ ချစ်ကြည်စွာနဲ့
မြန်မာ ဒို့ပြည်၊ အဓွန့်ရှည်အောင်
ရည်ဆောင် ကြိုးပမ်းလိုတဲ့ စိတ် . . ။
* တစ်အူထုံ့ဆင်း၊ ညီနောင်ရင်းကြား
“တရားမျှတ လွတ်လပ်ခြင်း
ခွင့်တူညီမျှ ချစ်ကြည်ခြင်း
များလူခပ်သိမ်း ငြိမ်းချမ်းခြင်း”
ကောင်းခြင်းဖြာဖြာ၊ မင်္ဂလာနဲ့
မြန်မာပြည်ကြီး၊ ခံ့ထည်ဟီးအောင်
ပေါင်းစည်းလုပ်ဆောင်လိုတဲ့ စိတ် . . ။
* အို . . နောင်ညီငဲ့
“ပြည်ထောင်စုသား၊ အသိတရားဖြင့်
ပြည်ထောင်စုသွေး၊ အပြည့်မွေးလျက်
ပြည်ထောင်စုစိတ်၊ ပြည့်လျှံဖိတ် ”ကာ
အတိတ် ပစ္စုပ္ပန် အနာဂတ်၊ ဖြောင့်ဖြူးလတ်အောင်
တတ်သည့် ပညာ၊ သာသည့် စွမ်းရည်
အလီလီဖြင့်
ပြည်မြန်မာကြီး၊ ရှေ့ခရီးကို
စုစည်း သယ်ပိုး နိုင်စေသော်ဝ်။
မြင့်မြတ်မြန်မာ နိုင်ငံတော်။
ကမ္ဘာအရှည် တည်စေသော်ဝ်။ ။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို
ကြိုဆိုဂုဏ်ပြုလျက်-
မျိုးမြတ်မြတ်မြင့်မောင်