
l တစ်ယောက်တည်းအား၊ ပေါင်းစုအားတို့
ခြားနားမှုလျှင်၊ ပြက်ပြက်ထင်မို့
ရင်လွှာပိုက်စွဲ၊ စဉ်အမြဲလျှင်
ချွတ်လွဲမရှိ၊ ကျင့်ကြံဘိသော်
ထိပါးရန်သူ၊ ကျူးလိုသူကို
လွယ်ကူဖြိုခွင်း ရန်မြူရှင်း...။
l မျိုးတူရာစု၊ အင်အားစုဖြင့်
ထုထည်ခိုင်ဖြီး၊ ရှိန်ဝါကြီးသော်
ဝေးနီးချောင်းမြောင်း၊ ရန်အပေါင်းကို
ထောင်းထောင်းညက်ကြေ၊ နောင်ကြဉ်လေအောင်
ချေဖျက်နိုင်ကြ၊ သာဓကလျှင်
သုံးချနည်းယူ၊ ဖျက်ရန်သူကို
လွယ်ကူနှိမ်နင်း၊ ရန်မာန်ရှင်း...။
l အကယ်စင်ကား၊ ညီနောင်များတွင်
များပြားလှစွာ၊ သင်ခန်းစာတို့
ရင်လွှာမှတ်စွဲ၊ ရှိနေဆဲမင့်
အေးခဲမေ့လျော့
ပေါ့ဆစွာလျှင်၊ မဆင်ခြင်မူ
မထင်ဖြိုးဖျပ်၊ ဆုံးရှုံးတတ်သည်
လွတ်လပ်ရေးလည်း ပျောက်လွင့်ဝဲ...။
ပြန်လည်ရဖို့ လွန်ခက်ခဲ...။
l ပဝေရှေးမှ၊ ခုကာလထိ
ညွှန်းပြလောက်စွာ၊ တူမကွာလျှင်
မေတ္တာတုံ့နှင်း၊ နောင်ညီရင်းတို့
လက်ချင်းယှက်လျက်၊ ဘုန်းရှိန်ထက်သော်
လွင့်တက်အောင်လံ၊ အောင်တေးသံတို့
နဘံထက်တိုင်၊ ပဲ့တင်လှိုင်သည်
နိုင်ငံတို့ကြား လွန်ခန့်ညား...။
ပြည်ထောင်စုကြီး ဂုဏ်မြင့်မား...။
l “ညီညွတ်ခြင်း”သည်၊ “အင်အား”မည်မို့
ခိုင်ကျည်လက်တွဲ၊ ချိတ်ဆက်မြဲပြီ
သင်လည်းပါဝင် အားဖြည့်လှမ်း...။
ပြည်ထောင်စုကြီး အောင်သံလွှမ်း...။ ။
မောင်စိမ်းနောင်(လယ်ဝေး)