
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထဲရေးဝန်ကြီးဌာန မိသားစု ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၈)၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ/ အရာရှိကြီးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လရာသီ ပွဲတော်များ၌ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရ သည့် ထူးမြတ်သောရိုးရာပွဲတော် တစ်ခုဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရှေးထုံးတမ်း အစဉ်အလာရိုးရာ ပွဲတော်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်း များ ပိုမိုစည်းလုံးညီညွတ်မှုရှိစေရန်၊ အချင်းချင်းရိုင်းပင်းကူညီစိတ်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းမှာကြားသည်။
အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး ဦးဆောင်သောအဖွဲ့ က ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ ရိုးရာ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင် နေမှုကို လိုက်လံကြည့်ရှုအားပေး ကြပြီး ပြိုင်ပွဲဝင် အသင်းများအနေဖြင့် အားကြိုး မာန်တက်ယှဉ်ပြိုင်ကာ ဝန်ထမ်း များကလည်း ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
ထမနဲထိုးပြိုင်ပွဲ၏ ဆုပေးပွဲ မကျင်းပမီ တပ်ဖွဲ့/ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် ဒိုးပတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပ ခဲ့ပြီး ဆုရရှိကြသည့် ထမနဲထိုး ပြိုင်ပွဲနှင့် ဒိုးပတ်ပြိုင်ပွဲတို့မှ ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိ သူများက ဆုများပေးအပ်ချီးမြှင့် ကြကြောင်း သိရသည်။
သတင်းစဉ်