
နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မဟာ သင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင် ယိမ်းအက အဖွဲ့များနှင့် Dancer အကအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်တို့က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး ဦးဆောင်သောအဖွဲ့က ယိမ်းအကအဖွဲ့များ နှင့် တက်ရောက်လာသူများကို အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခဲ့ပြီး တပ်ဖွဲ့/ ဦးစီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်