ပြည်သူတို့အတွက် သူတစ်ပါးထိခိုက်မှု အာမခံ

Type
၅

 

သစ္စာ(MNA)
 

 

မြန်မာ့အာမခံလုပ်ငန်းမှ    ဝန်ဆောင်မှု ပေးနေသည့် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်းကို   မသိသေးသော   ပြည်သူ များစွာ ရှိနေသည်။ သူတစ်ပါး  ထိခိုက်မှု အာမခံပရီမီယံပေးသွင်းမှု    မှတ်တမ်း စာအုပ်ဖြစ်သော       စာအုပ်အစိမ်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်လိုင်စင်သက်တမ်းတိုးချိန် တွင်    လိုအပ်သည့်   မော်တော်ယာဉ် ပရီမီယံစာအုပ်ဟုသာ   အလွယ်တကူ သိထားကြသည်။    မည်သည့်အတွက် ကြောင့် ပရီမီယံဆောင်ရသည်၊ ပရီမီယံ ပေးဆောင်ခြင်းမှ     မည်သည့်အကျိုး ကျေးဇူးရှိစေသည် စသည်တို့ကို  သိရှိသူ နည်းပါးလျက်ရှိသည်။       ပြည်သူတို့ ထိခိုက်နစ်နာမှုအတွက် ရရှိသည့်   အခွင့် အရေးများ မသိကြသည့်အတွက် နစ်နာမှု များရှိသည့်အပြင် အချို့သော ယာဉ်ပိုင်ရှင် များသည်လည်း    ပရီမီယံပေးရခြင်းကို အကျိုးမရှိ   အလဟဿ  ကောက်ခံနေ သည့် လုပ်ငန်းဟု  ထင်မြင်သူများလည်း ရှိသည်။  သူတစ်ပါးထိခိုက်မှုအာမခံဆိုသည်မှာ   မိမိ၏စက်တပ်ယာဉ်ကြောင့် သူတစ်ပါးသေဆုံးမှုနှင့်  ထိခိုက်ဒဏ်ရာ ရခဲ့လျှင်   နစ်နာကြေးငွေ  ပေးချေနိုင်မည့် အာမခံအမျိုးအစားတစ်မျိုးဖြစ်သည်။

 


ပရီမီယံပေးဆောင်ရသည့်
အကြောင်းရင်း


သူတစ်ပါး    ထိခိုက်မှုအာမခံသည် နိုင်ငံတကာနည်းတူ    ၁၉၇၆-ခုနှစ်၊ ဇူလိုင်(၁)ရက်  သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေအရ    မထားမနေရထားရှိရ ခြင်းဖြစ်သည်။     စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊  ပစ္စည်းဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက်     စက်တပ်ယာဉ် ပိုင်ရှင်မှ   ပေးလျော်ရန်     တာဝန်ရှိရာ ထိုပေးလျော်ရန်တာဝန်ကို       မြန်မာ့ အာမခံလုပ်ငန်းအနေဖြင့်    ပခုံးပြောင်း တာဝန်ယူသည့် စနစ်ဖြစ်သည်။

 


စက်တပ်ယာဉ်


စက်တပ်ယာဉ်ဆိုသည်မှာ  စက်အား ကို ဖြစ်စေ၊  လျှပ်စစ်ဓာတ်အားကိုဖြစ်စေ၊ အခြားစွမ်းအင်တစ်မျိုးမျိုးကို    ဖြစ်စေ အသုံးပြု၍   မောင်းနှင်ရွေ့လျားနိုင်သော ယာဉ်နှင့်ယန္တရားများကို      ဆိုလိုသည်။ စက်တပ်ယာဉ်များတွင်      မီးရထား၊ ရေယာဉ်၊   မော်တော်ကား၊    မော်တော် ဆိုင်ကယ်၊ စက်တပ်စက်ဘီး၊ လယ်ထွန် စက်၊   မြေတူးစက်၊   မြေသယ်စက်၊ လမ်းကြိတ်စက်၊ ဝန်ချီစက်နှင့် အလားတူ စက်များအားလုံး ပါဝင်ခြင်းဖြစ်သည်။


  နစ်နာသူ


နစ်နာသူဆိုသည်မှာ   အာမခံထား သည့် စက်တပ်ယာဉ်ကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ(သို့မဟုတ်) ပစ္စည်း  ပျက်စီး ဆုံးရှုံးသူကို ဆိုလိုသည်။  အဆိုပါနစ်နာသူ စကားရပ်တွင်   သေဆုံးသူ၏တရားဝင် အကျိုးခံစားခွင့်ရှိသူလည်း ပါဝင်သည်။ 

 


သူတစ်ပါး


သူတစ်ပါးဆိုသည်မှာ   သူတစ်ပါး ထိခိုက်မှုအာမခံထားသူ ( ဥပမာ မော်တော် ယာဉ်ပိုင်ရှင်)နှင့်   သူတစ်ပါးထိခိုက်မှု အာမခံလက်ခံသူ(မြန်မာ့အာမခံ လုပ်ငန်း) မှ ကျန်ပုဂ္ဂိုလ်ကို ဆိုလိုခြင်းဖြစ်သည်။

 


နစ်နာကြေး


နစ်နာကြေးဆိုသည်မှာ နစ်နာသူကို ထုတ်ပေးရန်  မြန်မာ့အာမခံလုပ်ငန်းက သတ်မှတ်ထားသောငွေကြေးကို   ဆိုလို ခြင်းဖြစ်သည်။

 


  ပြည်သူများသိရှိရန်


နစ်နာသူသည် မိမိကိုယ်တိုင်အာမခံ ဝယ်ယူထားခြင်းမရှိဘဲ    နစ်နာကြေး (လျော်ကြေး)    တောင်းခံနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း၍   အာမခံဝယ်ယူထားသူ သည် ယာဉ်ကိုအာမခံအကာအကွယ်ပေး ထားခြင်း  မဟုတ်ဘဲ    ထိုယာဉ်ကြောင့် ထိခိုက်နစ်နာသေဆုံးရသည့် ပြည်သူများ ငွေကြေးနစ်နာမှုအတွက်  ပေးလျော်နေ သည့် နစ်နာကြေးဖြစ်သည်။  သို့ရာတွင် ထိုယာဉ်ကိုမောင်းနှင်သည့်  ယာဉ်မောင်း ထိခိုက်သေဆုံးခဲ့ပါက သတ်မှတ်လိုင်စင် (ယာဉ်လိုင်စင်၊    ယာဉ်မောင်းလိုင်စင်) ကိုင်ဆောင်ထားလျှင်      နစ်နာကြေး တောင်းခံနိုင်သည်။   ထို့အတူ  အဆိုပါ ယာဉ်ပေါ်တွင်  စီးနင်းလိုက်ပါလာသူများ ယာဉ်ထိခိုက်မှုကြောင့် သေဆုံးမှု၊ ဒဏ်ရာ ရရှိမှု  ဖြစ်ခဲ့ပါက   စီးနင်းလိုက်ပါလာသူ တို့အတွက်   နစ်နာကြေးတောင်းခံနိုင် သည်။   လိုင်စင်မဲ့ယာဉ်ဖြင့်   (လိုင်စင်မဲ့ ကား၊ လိုင်စင်မဲ့ဆိုင်ကယ်)ထိခိုက်သေဆုံး လျှင် နစ်နာသူမှ   နစ်နာကြေးတောင်းခံ နိုင်သည်။ သို့ရာတွင် လိုင်စင်မဲ့ယာဉ်ကို ကိုယ်တိုင်စီးနင်း      မောင်းနှင်ခြင်း၊ ဆိုင်ကယ်မစီးရနယ်မြေတွင်     စီးနင်း မောင်းနှင်ခြင်း၊ အမြန်လမ်းတွင်ဆိုင်ကယ် စီးနင်းခြင်း၊ သတ်မှတ်ထားသော  နေရာ မှ  လမ်းဖြတ်ကူးခြင်း မဟုတ်ခြင်းကြောင့် တားမြစ်ထားသည့်ဥပဒေ၊   အမိန့်နှင့် ညွှန်ကြားချက်များကို  ကျူးလွန်ခြင်းဖြစ် သည့်အတွက် နစ်နာကြေးမရနိုင်ကြောင်း ကိုလည်း သတိပြုရမည်ဖြစ်သည်။

 


ပစ္စည်းများပျက်စီးမှုကြောင့်
တောင်းခံလိုလျှင်


ပစ္စည်းများ ပျက်စီးမှုနှင့်ပတ်သက်၍ တောင်းခံလိုပါက    အဆိုပါပျက်စီးသွား သောပစ္စည်းသည်    စက်တပ်ယာဉ်ပေါ် တွင် တင်ဆောင်သယ်ဆောင်ထားသည့် ပစ္စည်း    (သို့မဟုတ်)    နစ်နာသူနှင့် အတူပါရှိသော  စိန်၊ ရွှေ၊ ငွေ၊ ရတနာနှင့် ခရီးသွား         အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် သက်ဆိုင်မှုမရှိပေ။ စက်တပ်ယာဉ်ကြောင့်   ပျက်စီးဆုံးရှုံး သွားသော  သူတစ်ပါး (Third Party) ၏ ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် တောင်းခံ နိုင်သည့်    နစ်နာကြေးငွေပမာဏသည် အများဆုံး    ကျပ်(၅)သိန်းဖြစ်သည်။ အကယ်၍ သေဆုံးသူအတွက်   နစ်နာ ကြေးတောင်းခံမည်ဆိုပါက  နစ်နာကြေး တောင်းခံလွှာပုံစံ၊ ပြည်သူ့ဆေးရုံမှ ဆေး အစီရင်ခံစာပုံစံ၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစီရင်ခံစာပုံစံ၊   သေစာရင်း  (သို့မဟုတ်)ရင်ခွဲမှတ်တမ်းမိတ္တူ၊     တောင်းခံသူ၏ နိုင်ငံသားကတ်မိတ္တူ၊ နေထိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊  သေဆုံးသူနှင့်တောင်းခံ သူပါရှိသော   အိမ်ထောင်စုစာရင်းမိတ္တူ၊ ထိခိုက်မှုဖြစ်ပွားသည့် ယာဉ်နှင့် ပတ်သက် သော  စာရွက်စာတမ်းများ ပါရှိရမည်ဖြစ် သည်။  ဒဏ်ရာရရှိမှုအတွက် နစ်နာကြေး တောင်းခံရာ၌    နစ်နာကြေးတောင်းခံ လွှာပုံစံ၊ ပြည်သူ့ဆေးရုံမှ ဆေးအစီရင်ခံစာ ပုံစံ၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့   အစီရင်ခံစာ ပုံစံ၊ တောင်းခံသူ၏ နိုင်ငံသားကတ်မိတ္တူ၊ နေထိုင်ရာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ထိခိုက်မှုဖြစ်ပွားသည့် ယာဉ်နှင့်ပတ်သက် သောစာရွက်စာတမ်းများ ပါရှိရမည်ဖြစ် သည်။ 

 


ပစ္စည်း     ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေးတောင်းခံရာတွင်   လိုအပ် သည့်ပုံစံမှာ   နစ်နာကြေးတောင်းခံလွှာ ပုံစံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အစီရင်ခံစာပုံစံ၊ တောင်းခံသူ၏     နိုင်ငံသားကတ်မိတ္တူ၊ နေထိုင်ရာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏    ထောက်ခံ ချက်၊     ထိခိုက်မှုဖြစ်ပွားသည့်ယာဉ်နှင့် ပတ်သက်သော     စာရွက်စာတမ်းများ ရမည်ဖြစ်ပြီး    အဆိုပါ    နစ်နာကြေး တောင်းခံသည့်ပုံစံများကို   မြန်မာနိုင်ငံအာမခံလုပ်ငန်းရုံးချုပ်နှင့် ရုံးခွဲ(၃၉)တွင် အခမဲ့ရယူနိုင်ပြီး မြန်မာ့အာမခံလုပ်ငန်း website  (www.mminsurance.gov.mm) တို့တွင်    download  ရယူနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။

 


နေ့ချင်းပြီးဝန်ဆောင်မှုပေး


ထိခိုက်မှုကြောင့်  သေဆုံးမှုဖြစ်ပွား ပါက သေဆုံးသည့်နေ့မှ ၁၂ လ၊ ဒဏ်ရာ ရရှိပါက      ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ     ၂၄ လ၊ ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက် ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ     ၁၂  လ အတွင်း  နစ်နာကြေးတောင်းခံနိုင်သည်။ နစ်နာကြေးကို   သေဆုံးသူ၏တရားဝင် ဇနီး (သို့မဟုတ်) ခင်ပွန်းဖြစ်စေ၊  ဇနီး၊ ခင်ပွန်းမရှိပါက  သားသမီး၊   အထက်ပါ သုံးဦးမရှိပါက   မိဘ၊  အထက်ပါလေးဦး မရှိပါက ညီအစ်ကိုမောင်နှမအရင်းအချာ၊ အဆိုပါ    ပုဂ္ဂိုလ်များအားလုံး    မရှိပါက အနီးစပ်ဆုံး  ဆွေမျိုးတော်စပ်သူများက တောင်းခံနိုင်သည်။     နစ်နာကြေးကို မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်နှင့်    ရုံးခွဲ (၃၉)ရုံးတွင် တောင်းခံနိုင်ပြီး အထောက် အထားပြည့်စုံပါက   နေချင်းပြီး ဆောင် ရွက်ဝန်ဆောင်မှုပေးလျက်ရှိသည်။

 


အာမခံနစ်နာကြေးတောင်းခံနိုင်ရန်


မြန်မာ့အာမခံ    လုပ်ငန်းအနေဖြင့် သူတစ်ပါးထိခိုက်မှု     အာမခံကြေးကို အာဆီယံနှုန်းထားနှင့်  ကိုက်ညီစေရန်နှင့် စက်တပ်ယာဉ်ကြောင့် သေဆုံး၊   ဒဏ်ရာ ရရှိသူတို့အတွက်   ခေတ်၊     စနစ်နှင့် ကိုက်ညီသော နစ်နာကြေးရရှိစေရန် စီမံ ဆောင်ရွက်လျက်ရှိသည်။ ယာဉ်မတော် တဆမှုကြောင့် သေဆုံး၊     ဒဏ်ရာရရှိသူ ဦးရေနှင့်        နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် 
မြန်မာ့အာမခံလုပ်ငန်းတွင်     အာမခံကြေး တောင်းခံသည့်   ဦးရေနည်းပါးသောကြောင့်         နစ်နာသူများအား  ကာကွယ်ပေးသည့်  သူ တစ်ပါးထိခိုက်မှုအာမခံ၏ ရည်ရွယ်ချက်ကို  ပြည်သူများသိရှိလျက် အာမခံနစ်နာကြေး တောင်းခံနိုင်စေရန် နိုင်ငံပိုင်သတင်းစာမှ အသိ ပေးခြင်း၊ မြန်မာ့အာမခံလုပ်ငန်း၏ Facebook Page Website  တို့တွင် အသိပညာပေးခြင်းဖြင့် အများပြည်သူအနေဖြင့်   အာမခံနစ်နာကြေး တောင်းခံနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

 


Online ဖြင့်ဝန်ဆောင်မှုပေး


သူတစ်ပါးထိခိုက်မှု အာမခံပေးသွင်းရာ တွင်လည်း      မြန်မာ့အာမခံလုပ်ငန်းသို့ လူကိုယ်တိုင် လာရောက်ပေးသွင်းရန်မလိုဘဲ     အွန်းလိုင်းမှတစ်ဆင့်  ပရီမီယံကြေးပေးသွင်း နိုင်ရန်   စီမံဆောင်ရွက်ပေးလျက်ရှိသည်။     ရန်ကုန်တိုင်းဒေသကြီးအတွင်း  MPU, KBZ Pay, CB Pay နှင့် OK$ တို့ဖြင့်  ပေးချေနိုင် သည်။      မြန်မာနိုင်ငံတစ်ဝန်းရှိ   ကညနရုံး များနှင့် ချိတ်ဆက်၍  သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံကြေး     ပေးသွင်းခြင်းကို Online မှ  ပေးသွင်းနိုင်ရန်နှင့် ကျန်ဘဏ်များ Mobile Wallet များဖြင့် ငွေပေးချေနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။   Online Premium Payment   စနစ်   အောင်မြင်သွားပါက   သူတစ်ပါးထိခိုက်မှု       အာမခံပရီမီယံ ပေးသွင်းမှု   မှတ်တမ်းစာအုပ်ကို အသုံးပြုရန် မလိုတော့ဘဲ  Third   Party  Premium Insurance Certificate စာရွက်ဖြင့် ပြန်လည် ထုတ်ပေးရန်      စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 


သို့ဖြစ်၍ ပြည်သူတို့အနေဖြင့် ပရီမီယံ ပေးဆောင်ခြင်းဖြင့်  အကျိုးကျေးဇူးရှိမှုကို     သိရှိစေမည်ဖြစ်သည့်အပြင်     စက်တပ်ယာဉ် မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိ ရာ၌   နစ်နာ ကြေး   မည်သို့တောင်းခံနိုင်ကြောင်း ကို အများပြည်သူ ထဲထဲဝင်ဝင်သိရှိနိုင်စေရန် အသိပေးရေးသားလိုက်ပါသည်။