ပြည်သူများအတွက် ဓာတ်အားလိုင်းအပြစ်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေး ဆောင်ရွက်

 

နေပြည်တော်    ဇန်နဝါရီ    ၃၁                                                                      


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည်   ဇန်နဝါရီ  ၂၈  ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး     လုပ်ငန်းမှ   ၃၃ ကေဗွီ ခွဲရုံအမှတ် ၂ တွင် ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝ သော လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး အတွက် ဓာတ်အားလိုင်းအပြစ်နှင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှုများ   လျော့နည်းကျဆင်းရေး   အစဉ် တစိုက် ဆောင်ရွက်ကြရန် မှာကြားသည်။

 


ဦးစွာ ဒုတိယအင်ဂျင်နီယာချုပ် (နေပြည်တော်)  ဦးဇော်မင်းထွန်းက ၂၃၀ ကေဗွီ နေပြည်တော်ပင်မ ဓာတ်အားခွဲရုံ ၁ မှ ဓာတ်အားပို့လွှတ်ပေးထားသော  ၃၃ ကေဗွီ Switchbay ၌ ၃၃ ကေဗွီ GCB - Gas Circuit Breaker နှင့် Remote Control Panel များ လဲလှယ်ခြင်း၊ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန် စဖော်မာ နှစ်လုံးအား လိုအပ်သော စမ်းသပ် စစ်ဆေး ခြင်းများ ပြုလုပ်ခြင်း၊ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဆီယိုစိမ့်မှုကို ပြုပြင်ခြင်း၊ Bus Bar နှင့် Disconnecting Switch များ ပြုပြင်နေမှုအား တင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၁၁ ကေဗွီ VCB- Vacuum Circuit Breaker များ အလုပ်လုပ်ပုံကို Software ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို တင်ပြသည်။

 


တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အား ပိတ်၍ လုပ်ငန်းဆောင်ရွက်သည်ဖြစ်၍ သတ်မှတ် ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစွာ   လုပ်ငန်းများအား   အရည် အသွေး ပြည့်မီအောင် ဆောင်ရွက်ရန်၊ ဖီဒါအလိုက်  Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ် ပစ္စည်းများအား    ပုံမှန်ကြည့်ရှုစစ်ဆေး၍   ပြုပြင် ထိန်းသိမ်းသွားရန်၊   SOP   လုပ်ငန်းစဉ်များအား ချိတ်ဆွဲထားရန်၊ လုံခြုံရေး အသိ၊ သတိဖြင့် ဆောင် ရွက်ရန်၊ ထရန်စဖော်မာနှင့် Switchgear များအား အမြဲမပြတ် စစ်ဆေးသွားရန်၊ ခွဲရုံနှင့် ဝန်ထမ်းအိမ်ရာ အနီးဝန်းကျင်အား သန့်ရှင်းသာယာလှပရေး ပုံမှန် ပြုလုပ်သွားရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားရန်နှင့် အခြား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်