ပြည်သူများ လမ်းပန်းဆက်သွယ်မှု မြန်ဆန်ချောမွေ့စေမည့် ပဲခူးမြို့ ကျုံးကူးတံတားသစ်

 

ပဲခူးမြို့သည်   ပဲခူးတိုင်းဒေသကြီး၏    မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံအောင် လမ်းတံတားများ တည် ဆောက်လျက်ရှိပြီးသမိုင်းဝင်မြို့တော်လည်းဖြစ်၍ မြို့ရိုးများပြုပြင် ထိန်းသိမ်းခြင်း၊  ကျုံးများရှေးမူမပျက်  တူးဖော်ခြင်းများကို    ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏   ဦးဆောင်လမ်းညွှန်မှုဖြင့်    ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။

 


ရာနှုန်းပြည့် တည်ဆောက်အောင်မြင်


ပဲခူးမြို့တွင် ၂ဝ၁၉ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှစ၍ ဘဏ္ဍာနှစ် များအတွင်း ခွင့်ပြုရန်ပုံငွေဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူ တည်ဆောက်သည့် သမိန်ဗရမ်း လမ်း-ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းမပေါ်ရှိ ကျုံးကူးတံတား ကြီးမှာ ရာနှုန်းပြည့် တည်ဆောက်အောင်မြင်သွားပြီဖြစ်သည်။

 


အဆိုပါကျုံးကူးတံတားကြီးဖွင့်ပွဲကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီ  ၄၅  မိနစ်တွင်  ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး   ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်း    တက်ရောက်ဖွင့်လှစ်ပေးပြီး တံတားဖွင့်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့်အတူ  စည်ကားသိုက်မြိုက်စွာ  ကျင်းပ၍  ပျော်ရွှင်စွာ   ဖွင့်လှစ်နိုင်ခဲ့သည်။

 


ပဲခူးမြို့ဂုဏ်ဆောင်၊ သမိုင်း၏ဂုဏ်ကိုဆောင်သည့် သမိန်ဗရမ်း လမ်း-ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းမပေါ်ရှိ ကျုံးကူးတံတားကြီး တည်ဆောက်ပေးခြင်းအားဖြင့် ပဲခူးမြို့သည် တိုင်းမြို့တော်ဖြစ်သည့် အလျောက်   မြို့တော်အင်္ဂါရပ်နှင့်အညီ   ဖွံ့ဖြိုးတိုးတက်လာမည်။ ပတ်ဝန်းကျင်တစ်ဝိုက်လမ်းကို  လမ်းကွန်ရက်ချိတ်ဆက်ရာတွင် ကျုံးကူးတံတားမှာ များစွာအထောက်အကူပြုနိုင်မည်။ ပြည်သူများ အတွက် သွားလာရေးလွယ်ကူလျင်မြန်၍ စိတ်လက်အပန်းပြေကာ မြို့တော်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်။ ထိုသို့သော အကျိုးရလဒ် ကောင်းများကို မျှော်မှန်းလျက် တည်ဆောက်ခဲ့သည့် ကျုံးကူးတံတား ဖြစ်သည်။

 


ကျုံးကူးတံတားကြီး   တည်ဆောက်ရေးအတွက်   ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၅၆ ဒသမ ၈၄၃ သန်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၁၆၂ဝ သန်း စုစုပေါင်း ငွေကျပ်သန်း ပေါင်း ၁၇၇၆ ဒသမ ၈၄၃ သန်း ရန်ပုံငွေခွင့်ပြုခဲ့သည်။ တံတားတည်ဆောက်ရေး အဖွဲ့သည် ကျုံးကူးတံတားကြီး လှပခိုင်ခံ့ပြီး ရေရှည်တည်တံ့စေရေး အတွက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် တံတားခန်းဖွင့် ပေ ၂၁ဝ (ပေ ၃ဝ x ၂ ခန်းနှင့် ပေ ၄ဝ x ၁ ခန်း)၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက် (သုံးပေ ခြောက်လက်မ)တို့ဖြင့် တည်ဆောက်ထားပြီး မိုးရာသီတွင် အောက်ပိုင်းရေလမ်းကြောင်း ကောင်းမွန်ရေးအတွက်  တံတားအောက်ရေလမ်းကင်းလွတ်ခွင့် အကျယ် ပေ  ၅ဝ ၊  တံတားအောက်    ရေလမ်းကင်းလွတ်ခွင့်အမြင့်  ၁ ဒသမ ၅ မီတာ(၅ ပေ)ရှိပြီး ယာဉ်အလေးချိန် (HS -၂၅) ခွင့်ပြုထား သည်။

 


လှပသေသပ်စွာ တည်ဆောက်ထား


ကျုံးကူးတံတား တည်ဆောက်ပုံအမျိုးအစားသည် ဘိုးပိုင်ကွန်ကရစ်အုတ်မြစ်ဖြစ်ပြီး ကိုယ်ထည်ကိုလည်း သံကူကွန်ကရစ်ထိပ်အုပ် ဖြင့်   ခိုင်ခံ့စွာ တည်ဆောက်ထားသလို လက်ရန်းကိုလည်း သံကူ ကွန်ကရစ်     Deck  Slab    လက်ရန်းတို့ဖြင့်   လှပသေသပ်စွာ တည်ဆောက်ထားသည်ကို တွေ့မြင်ရသည်။

 


ကျုံးကူးတံတားကြီး တည်ဆောက်ခြင်းအားဖြင့် မြို့တော်အင်္ဂါရပ် နှင့် ညီညွတ်ခြင်း၊ ပြည်သူများ သွားရေးလာရေး အဆင်ပြေချောမွေ့ကာ ယာဉ်အန္တရာယ်ကင်းရှင်းခြင်း၊ ကုန်စည်စီးဆင်းမှုများလည်း လွယ်ကူ လျင်မြန်ကာ အချိန်ကုန်သက်သာပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည့်အတွက် ရည်ရွယ်ချက်ကောင်းများဖြင့် တည်ဆောက် သည့် တံတားဖြစ်သည်။ ထို့ကြောင့် မိမိတိုင်း၊ မိမိမြို့သည် တိုင်းမြို့ တော်ဖြစ်သည်နှင့်အညီ   မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်လှပသည့် ပြည်သူ့ အကျိုးပြုကျုံးတံတားကြီး   တည်ဆောက်ခြင်းဖြစ်သည့်အတွက် ဆောင်းပါးရှင် မိသားစုကလည်း ကျုံးတံတားကြီးတည်ဆောက်ရန် အတွက် မြေနှစ်ဧကနီးပါးခန့်ကို လှူဒါန်းပေးခဲ့သည်။

 


ဤကျုံးကူးတံတားကြီးသည်     ဒုတိယမြန်မာနိုင်ငံတော်ကို စည်းလုံးတည်ထောင်နိုင်ခဲ့သည့်     ဘုရင့်နောင်မင်းတရားကြီး၏ မိုးကောင်းတံခါး၊ မြို့ရိုးပေါက်ကျုံးအား တည်ဆောက်ထားသည့် တံတားကြီးဖြစ်၍ ပဲခူးမြို့၏ သမိုင်းဂုဏ်ကိုပါ အရောင်လက်စေမည့် ကျုံးတံတားကြီးဖြစ်ကြောင်း မှတ်တမ်းတင် ရေးသားလိုက်ရပါသည်။


သန့်စင်(ပဲခူး)