ပြည်သူများ အမှန်တကယ် လိုအပ်နေသည့် ဝန်ဆောင်မှုများကို အွန်လိုင်းဝန်ဆောင်မှုအဖြစ်ပေးနိုင်ရန် ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၅ 


e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါသတ်မှတ်ချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ e-Government အကောင်အထည်ဖော်ရေး   လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊  ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ပြောကြား


အစည်းအဝေးတွင်  လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်      ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာ၌ e-Government ဝန်ဆောင်မှုဆိုသည်မှာ ပြီးဆုံးသွားခြင်းမရှိသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက်  စဉ်ဆက်မပြတ် ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုတွေကို ပေးသွားနိုင်ရန် ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ဝန်ဆောင်မှုများကို လည်း အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပေးသွားနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉    ရောဂါကြောင့် New Normal နေထိုင်မှုအသစ်အရ အွန်လိုင်းကို ပိုမို သုံးစွဲလာကြသည့်အတွက် အစိုးရဌာနများအနေဖြင့် လည်း   အဆင်သင့်ဖြစ်နေရန်   လိုအပ်သည်များ ပြင်ဆင်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံ ရေးသည်   အရေးကြီးလာသည်နှင့်အမျှ ဆိုက်ဘာ လုံခြုံရေးဥပဒေနှင့် မူဝါဒများ အမြန်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန်   တိုက်တွန်းလိုပါကြောင်းနှင့် Myanmar e-Governance Master Plan အသစ် တစ်ခုကိုလည်း ဆက်လက်ရေးဆွဲပြုစုကြရန် လိုအပ် မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ လျင်မြန်စွာ တိုးတက်လာသည့် မိုဘိုင်းဖုန်းသုံးစွဲမှု၊ အင်တာနက်သုံးစွဲမှုအခြေအနေ များကြောင့် ကောင်းမွန်သည့်အကျိုးကို ရရှိခဲ့သလို ပြည်သူများ၏ ဆိုက်ဘာလုံခြုံမှုနှင့် Online များမှ တစ်ဆင့် ပုဂ္ဂိုလ်ရေးခြိမ်းခြောက်ခံရခြင်း၊ ဆိုက်ဘာ မှုခင်းကျူးလွန်ခြင်း၊  မူးယစ်ဆေးဝါး  အပါအဝင် တရားမဝင်ရောင်းဝယ်မှု၊ လူကုန်ကူးခြင်း၊ နိုင်ငံတော် လုံခြုံရေးကို  ထိခိုက်စေမည့် အကြမ်းဖက်မှုကိစ္စ စသည်များလည်း များပြားလာတာကို တွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ လိုအပ်သည့် ကာကွယ်တားဆီး အရေးယူမှုတွေဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို  ဆောင်ရွက်ထားရ မည်ဖြစ်ပါကြောင်းနှင့် ယင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ် မည်ဖြစ်သည့်အတွက်  လူသားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်စေရေးကိုလည်း အထူးအလေးထားဆောင် ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။


ရှင်းလင်းတင်ပြ


ဆက်လက်၍   ယခင်  အစည်းအဝေးဆုံးဖြတ် ချက်များအပေါ်       ဆောင်ရွက်ပြီးစီးမှုများနှင့်          e-Government       အကောင်အထည်ဖော်ရေး ဆပ်ကော်မတီရှစ်ခုကို    ပြန်လည်ပြင်ဆင်ဖွဲ့စည်း နိုင်ရေးကိစ္စရပ်များ၊   Myanmar e-Governance Master  Plan  (2021-2030)  မူကြမ်းထွက်ရှိရေး ဆောင်ရွက်မှုအခြေအနေများ၊ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မူဝါဒနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) ပြုစုရေးဆွဲထားရှိမှု အခြေအနေများကို တာဝန်ရှိသူ အသီးသီးက ရှင်းလင်းတင်ပြဆွေးနွေးကြသည်။


ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက     လိုအပ်သည်များ    ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့သည်။ 


သတင်းစဉ်