ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများကြောင့် အမြင့်ဆုံးပိုးတွေ့မှု ၄၀ ရာခိုင်နှုန်းပတ်ဝန်းကျင်မှ ယခုအပတ်အတွင်း ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရှိရ

နေပြည်တော်   စက်တင်ဘာ   ၁၃

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ  အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရအဖွဲ့၊   ဒုတိယဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး    တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့  ဝန်ကြီးချုပ်များ၊  တာဝန် ရှိသူများက     ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက     အဖွင့်အမှာစကား ပြောကြားရာတွင်    ယနေ့  အစည်းအဝေးအား နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုရက်အနေဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ၅၃၈ ရက်ရှိကာ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၄၃၁၈၃၃ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုများကို  ရက်အလိုက်  စောင့်ကြပ် ကြည့်ရှုခဲ့ရာ   စက်တင်ဘာ ၅ ရက်မှ  စက်တင်ဘာ  ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းမှ ၈  ရာခိုင်နှုန်းအထိ  ကျဆင်းလာသည်ကို  တွေ့ရှိရ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှု ရာခိုင်းနှုန်းထက်ဝက် ကျဆင်းရေးရည်မှန်းကာ  အပတ်စဉ်  တနင်္လာနေ့ တိုင်း ဇူလိုင် ၇ ရက်မှစ၍ ယနေ့ (၁၂)ကြိမ်မြောက် အဖြစ်   ကျင်းပလျက်ရှိကာ   အရေးပေါ်တုံ့ပြန်ရေး ကော်မတီ    အစည်းအဝေးကိုလည်း     Video Conferencing စနစ်ဖြင့် နေ့စဉ်နီးပါး ဆောင်ရွက်ခဲ့ရာ ယခုနောက်ပိုင်းရက်သတ္တပတ်လျှင် နှစ်ကြိမ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  အလားတူ  ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း  အမြင့်ဆုံးပိုးတွေ့မှုရာခိုင်နှုန်း  ၄၀  ရာခိုင်နှုန်းပတ်ဝန်းကျင်မှ       ယခုအပတ်အတွင်း ၈ ရာခိုင်နှုန်းအထိ  ကျဆင်းလာသည်ကို  တွေ့ရှိရ ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  စာရင်းအရ ရှစ်သိန်းကျော်ရှိပြီး လက်ရှိ လေးသိန်းကျော် ကာကွယ် ဆေးထိုးနှံထားသဖြင့်      ၅၀    ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကြောင်း၊   ရုံးပိတ် ကာလ နှစ်လနီးပါးကျော် ကြာမြင့်ခဲ့ပြီး သွားလာမှု၊ လုပ်ငန်းလုပ်ဆောင်မှုများကို    သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့သဖြင့် ကူးစက်မှုနှုန်း  ကျဆင်းလာခဲ့ခြင်းကြောင့်လည်း ရုံးပိတ်ရက်ရှည်ကာလအတွင်း     လုပ်ငန်းအချို့ လည်ပတ်မှုရပ်တန့်မှုအပေါ်   ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်ရေး ယနေ့(၁၃-၉-၂၀၂၁)ရက်မှစ၍  ဝန်ကြီးဌာနအလိုက် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း နှင့်အညီ     နှစ်ပတ်တက်   နှစ်ပတ်နားစနစ်ဖြင့် ရုံးဌာနများ  စတင်ဖွင့်လှစ်ဆောင်ရွက်နေပြီ  ဖြစ်ပါ ကြောင်း။ 

 

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူ ပြုပစ္စည်း တင်သွင်းမှုများနှင့်ပတ်သက်၍ ကန့်သတ် ချက်များအား ဖြေလျှော့ပေးခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့မှု၊  ပြည်သူလူထုအားလုံး၊  ဝန်ထမ်း များ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက် အကူပြု ပစ္စည်းများအတွက် ကူညီပံ့ပိုးခွင့်ပြုပေးမှု စသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်လတာ အတွင်း ရောဂါပိုးကူးစက်မှုရာခိုင်နှုန်း သိသိသာသာ ကျဆင်းလာသည်ကို  တွေ့ရှိရကြောင်း၊   ရောဂါ ကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသည် ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံတကာ၏စံနှုန်း တို့အရ   ကူးစက်မှုနှုန်း  ၅  ရာခိုင်နှုန်းအောက် ရောက်မှသာလျှင်    စိတ်ချရမည့်အခြေအနေဖြစ် ကြောင်း၊ ထိုသို့ စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားအောင်   လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျှော့ဘဲ အားသွန်ခွန်စိုက် ဖြင့် မြန်မြန်ဆန်ဆန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်မှု လျော့ကျ လာသဖြင့် ပြည်သူအများစုက စိုးရိမ်စရာမရှိဟု  ယူဆ၍ ကိုဗစ်-၁၉ ရောဂါအတွက် သတ်မှတ်ထား သည့် စည်းကမ်းချက်များအား လိုက်နာမှုအားနည်း လာလျှင်လည်းကောင်း၊    တာဝန်ရှိသူများ၏ ကြပ်မတ်မှု အားနည်းလာလျှင်သော်လည်းကောင်း၊  လူစုလူဝေးများ၊     လူအုပ်စုများ   ပါဝင်သည့် အခမ်းအနား ပျော်ပွဲရွှင်ပွဲများ  ဆောင်ရွက်ခဲ့လျှင် သော်လည်းကောင်း    ရောဂါကူးစက်မှုပြန်လည် မြင့်တက်လာမည်ဖြစ်ကြောင်း။


ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုအား မည်သူတစ်ဦး တစ်ယောက်မျှ ကြိုတင်သိမြင်ခန့်မှန်းနိုင်မှု မပြုလုပ် နိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ   မပျက်မကွက် ဆက်လက်လိုက်နာရန် လိုအပ်သလို ကာကွယ်ဆေး  ထိုးနှံရန်   ကိစ္စရပ်များကိုလည်း    သက်ဆိုင်ရာ     စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က    လူတိုင်းအသက်ထက် အရေးကြီးတာ   ဘာမှမရှိဟု  သတ်မှတ်ထားပြီး   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၊   အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အရေးပေါ်တုံ့ပြန်ရေး    ကော်မတီအသီးသီးတို့က လူတိုင်းအသက်ရှင်သန်နိုင်ရေးတို့အတွက် တတ်နိုင် သမျှ    ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ၊ လိုအပ်သည့် အောက်ဆီဂျင်များအား ပြည်သူအများစု ကလည်း ဝိုင်းဝန်းလှူဒါန်းမှု၊  အစိုးရမှ ပံ့ပိုးကူညီ ဆောင်ရွက်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောက်ဆီဂျင် Plant များ တည်ဆောက်ခဲ့မှုစသည့် တို့ဖြင့် အဘက်ဘက်က အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ရောဂါဖြစ်ပွားမှုအား တွန်းလှန်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက် ရှိသော်လည်း   အချို့သော   ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကုသရေးလုပ်ငန်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များကို နှောင့်ယှက်ဖျက်ဆီးနေသည်ကို ဝမ်းနည်း ဖွယ်ရာ တွေ့ရှိရကြောင်း။


မဟုတ်မမှန်ပြောဆိုမှုများ

နိုင်ငံတော်က ထိုးနှံပေးသည့် ကာကွယ်ဆေး များ၏ ထိရောက်မှုများအပေါ် ယုံကြည်မှု ကင်းမဲ့ စေရန် မဟုတ်မမှန် ပြောဆိုမှုများအပြင် မြေပြင် တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်း နှောင့်ယှက်လျက်ရှိသည်ကို     တွေ့ရှိရကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံသူများ မလာရဲအောင်၊ မလုပ်ရဲအောင်၊ ပျက်သုဉ်းသွားအောင် လက်ပစ်ဗုံးများဖြင့်     ပစ်ပေါက်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း လုပ်ရပ်များသည် မဖြစ်သင့်မဖြစ်ထိုက်သော BIO Terrorism အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေး အား အကြမ်းဖက်ခြင်းလည်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍လည်း ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း လုံခြုံရေးအရ တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအပေါ် ထိခိုက်နှောင့် ယှက်လာသူမှန်သမျှ ပြင်းပြင်းထန်ထန် ကာကွယ်၊ တုံ့ပြန်ရန် လိုကြောင်း၊     ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  နိုင်ငံတော်အစိုးရအနေဖြင့် အစီအမံ များချမှတ်ကာ ကာကွယ်ဆေး၊ ကုသဆေးများကို ရရှိအောင် ဆောင်ရွက်လျက်ရှိသဖြင့်  ၎င်းလုပ်ငန်း များအပေါ် မနှောင့်ယှက်ရန် လိုကြောင်း။

နိုင်ငံတော်အကြီးအကဲအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့အစည်းများကို လည်း ကာကွယ်ဆေးထိုးနှံပေးရန် ပြောကြားထား ပါကြောင်း၊ နိုင်ငံတွင် နေထိုင်လျက်ရှိသည့် မိမိတို့၏ တိုင်းရင်းသားများအား ကျန်းကျန်းမာမာဖြင့် ကိုဗစ်-၁၉ ရောဂါ ကျော်လွှားနိုင်ရန် ကာကွယ်ဆေးများ ထိုးနှံရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်‌ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီမှတစ်ဆင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်     အဖွဲ့အစည်းများ၊ လက်မှတ်မရေးထိုးရသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားလုံးကို  ကာကွယ်ဆေး ထိုးနှံနိုင်ရေး     ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် QR Code စနစ်ဖြင့် ဆောင်ရွက်ရသဖြင့် စာရင်းဇယား အတိအကျဖြင့် ဆောင်ရွက်ရမည်ဖြစ်သောကြောင့်    လိုအပ်သည့် အင်အားစာရင်းများ ပေးပို့ရန် ဆက်သွယ်ဆောင်ရွက်ခဲ့ ကြောင်း၊ အချို့သော အဖွဲ့အစည်းများက ဆက်သွယ် ပြောဆိုမှုများအပေါ် နားလည်မှုလွဲ၍ ဆေးထိုးနှံ မည့် အင်အား တောင်းခံမှုအပေါ် သံသယဖြစ်ပေါ်ခဲ့သည် ကို ကြားသိရကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ စေတနာ မှာ တိုင်းရင်းသားအားလုံး ပြည်နယ်၊ ပြည်မ မခွဲခြား ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်ဆေး ထိုးခြင်းဖြင့် ကျော်လွှားနိုင်စေရန်၊ ဖြစ်ပွားလာပါ ကလည်း ရောဂါအား  ကောင်းမွန်စွာ  ခုခံနိုင်ပြီး  အမြန်ဆုံး   ပြန်လည်သက်သာစေရန်    စသည့် ကောင်းမွန်စေရန် ရည်ရွယ်ချက်များ၊    စေတနာ အပြည့်ထားလျက်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း


ဆက်လက်၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း များနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ဖွဲ့စည်းထားသော  အဖွဲ့ အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း အချို့ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်    ဆေးထိုးရန်ကျန်     အရေအတွက်များ များပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ   မြို့နယ်များအလိုက်   စနစ်တကျ ပြန်လည်စိစစ်၍   ထိုးနှံရမည့်   အုပ်စုများအလိုက် ကျန်ရှိမှုမရှိစေရေး၊   စာရင်းဇယားများ  ရှုပ်ထွေးမှု မရှိစေရေး လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက် ရန်လိုကြောင်း၊ ဖြန့်ဝေပေးထားသည့် ကာကွယ်ဆေး များကို  သက်ဆိုင်ရာ  အုပ်စုများအလိုက်  ထိုးနှံရာ တွင် စနစ်တကျနှင့် လျင်မြန်စွာပြီးမြောက်အောင် ဆောင်ရွက်ပေးရန်  လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြီးပြတ်သွားမည်မဟုတ်သည့်အတွက်  နိုင်ငံတော်အကြီးအကဲအနေဖြင့်   ကာကွယ်ဆေး အား   ပြည်တွင်း၌ပင်   ထုတ်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တာဝန်ပေးအပ်၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ဝါယမစိုက်ထုတ် ဆောင်ရွက်လျက် ရှိပြီး  သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကလည်း လက်ရှိဖြန့်ဝေပေးထား သည့် ကာကွယ်ဆေးများကိုလည်း အမြန်ဆုံးထိုးနှံ နိုင်ရေး၊ ထိုးနှံပြီး စာရင်းဇယားများကိုလည်း မှန်မှန် ကန်ကန်  တိတိကျကျ  ပေးပို့နိုင်ရေးတို့ကို  ဝါယမ စိုက်ထုတ်ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြား သည်။
ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြ သူများက  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားခဲ့မှု၊ ရောဂါ ပျောက်ကင်းမှုနှင့် လက်ရှိဆေးရုံများတွင် ကုသမှု ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပိုးတွေ့လူနာ နှင့် သံသယလူနာများအား လက်ခံကုသပေးနိုင်ရေး အတွက် ပြင်ဆင်ထားရှိသည့် ဆေးရုံနှင့် စင်တာများ ၏ အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ထိုးနှံရန်ကျန်ရှိသည့်အခြေအနေများ၊          ဆေးရုံများအတွက်       လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ရောဂါပိုးအား နေ့စဉ်စစ်ဆေး နေမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျော့ကျလာသည့် အခြေအနေများ၊ အောက်ဆီဂျင်များ ထုတ်လုပ်နိုင်မှု၊ လိုအပ်ချက် ပြည့်မီကျော်လွန်သည်အထိ ထုတ်လုပ် နိုင်မှုအခြေအနေများ၊ စက်တင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၄ သန်း ရောက်ရှိခဲ့မှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့   ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊  ထိုးနှံရန်ကျန်ရှိမှုနှင့် သတ်မှတ်ချက်အတိုင်း   စနစ်တကျထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ။


ယခု ကာကွယ်ဆေးထိုးနှံမှုတွင်အသက်(၅၅)နှစ် အထက် လူပုဂ္ဂိုလ်များ၊ မသန်စွမ်းများ၊ EAO များကိုပါ ထပ်မံထည့်သွင်း၍ ထိုးနှံနိုင်ရေးဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ ကာကွယ်ဆေးများ ဝယ်ယူ ရရှိရေး      ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ ထားသည့် ကာကွယ်ဆေးများအား စက်တင်ဘာလ တွင် ၁၀ သန်း၊    အောက်တိုဘာလတွင် ၁၀ သန်းနှင့် နိုဝင်ဘာလတွင် ၄ သန်းရောက်ရှိလာမည့် အခြေအနေ များ၊     အာဆီယံနှင့်  ဆွေးနွေးဘက်နိုင်ငံများမှ ကာကွယ်ဆေး၊ ဆေးပစ္စည်းများသာမက လူသားချင်း စာနာထောက်ထားမှုအကူအညီများ လှူဒါန်းပေးအပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပြည်တွင်း တွင် Ready to Full စနစ်ဖြင့် ထုတ်လုပ်ဖြန့်ချိနိုင်ရေး ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ Relief Flight များ ပြေးဆွဲ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအား  ခေါ်ယူဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းမှု အခြေ အနေများ။


မြန်မာနိုင်ငံအတွင်း   လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များမှတစ်ဆင့်   တင်သွင်းလျက်ရှိသည့် အခြေအနေများ၊ ဝင်ရောက်လာသည့်   ဆေးနှင့် ဆေးပစ္စည်းများအား လျင်မြန်စွာထုတ်ယူ  ခွင့်ရရှိရေး ဆောင်ရွက်ပေးနေမှု၊    FDA ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားသည့်   ဆေးနှင့် ဆေးပစ္စည်း များအား   လျင်မြန်စွာထုတ်ယူနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် သတင်း၊ သီချင်း၊ အသိ ပညာပေး  အစီအစဉ်များအား   မြန်မာဘာသာဖြင့် သာမက တိုင်းရင်းသားဘာသာများဖြင့်ပါ ထုတ်လွှင့် ပေးနေမှု အခြေအနေများ၊ ရုပ်သံများတွင်သာမက ပြည်သူလူထုအား ကျယ်ပြန့်စွာသိရှိရေး အသိပေး နှိုးဆော်ချက်များအား ရပ်ကွက်များအလိုက် လှည့်လည် ကြေညာဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ် ဒေသရှိ တိုင်းရင်းသားများအား ဆေးထိုးနှံနိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ Hot Spot မြို့နယ်များ သတ်မှတ်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာမှု အခြေအနေများ၊ ကူးစက်မှု နှုန်းလျော့ကျခြင်းမရှိသည့်       အချို့မြို့နယ်များ၊ ကူးစက်မှုနှုန်းပိုမိုမြင့်မားလာသည့်   မြို့နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ရန်    လိုအပ်သည့်အခြေအနေ များ၊ စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများနှင့် နေထိုင် မှုများပြားသည့် နေရာများကို စစ်ဆေးဆောင်ရွက်နေ မှု၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ။ 


ပြည်ပနိုင်ငံရောက်  နိုင်ငံသားများ၏   ပြည်တွင်း ပြန်လည်ဝင်ရောက်မှု၊  စစ်ဆေးတွေ့ရှိမှု၊    ကုသ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊     ရွေ့လျား ဈေးကားများနှင့်       လှည့်လည်ရောင်းချပေးနေမှု အခြေအနေများ၊ Relief Flight များဖြင့် နိုင်ငံသားများ၊ ဆေးနှင့်ဆေးပစ္စည်းများအား ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သည့်  အခြေအနေများ၊   လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေး ရထားလမ်း၊ ရေလမ်း၊  လေကြောင်းလိုင်းများ   စဉ်ဆက်မပြတ် ပြေးဆွဲ၍ လူနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးလျက် ရှိသည့်အခြေအနေများ၊ တယ်လီဖုန်း Operator များ မှတစ်ဆင့် အသိပညာပေး SMS များ ပေးပို့ခဲ့မှုအခြေ အနေများ၊ ဆက်သွယ်မှု ပြတ်တောက်စေရန်အတွက် အကြမ်းဖက်သမားများက   တာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အခြေအနေများနှင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော် ဆေးရုံများနှင့် တပ်အသီးသီးတွင် ပိုးတွေ့သူများနှင့် သံသယလူနာများအား ကုသဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တိုင်းရင်းဆေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆေး ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများအား  ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။


တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားရာတွင်   ရုံးပိတ်ရက်ရှည်ကာလ အတွင်း Stay at Home ၁၁၉ မြို့နယ်အနက်မှ သိသာ စွာ ပိုးတွေ့မှု ရာခိုင်နှုန်းမကျဆင်းဘဲ တန့်ရပ်နေသည့် ၆၅ မြို့နယ်တွင် စာရင်းအရ သိသိသာသာကျဆင်း သည့် မြို့နယ် ၉ မြို့နယ်ရှိပြီး တိုးမြင့်လာသည့် မြို့နယ် ၄ မြို့နယ်ရှိကြောင်း၊ ၎င်းမြို့နယ်များတွင် Hot Spot ဧရိယာ၌ မပါဝင်သည့် မြို့နယ် ၁၁ မြို့နယ် ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့် ရောဂါ ပိုးစစ်ဆေးမှုများကို    တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများတွင်   ကာကွယ်ဆေးများကို  ဖြန့်ဝေပေးပို့ထားသော်လည်း ထိုးနှံရန်ကျန်ရှိသည့် အရေအတွက် များပြားနေသည်ကို တွေ့ရှိရကြောင်း။ 


ထပ်မံရောက်ရှိလာသည့်  ကာကွယ်ဆေးများကို လျင်မြန်စွာ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်သဖြင့်  ဆေးထိုးရန်ကျန်ရှိမှု များပြားသဖြင့် Cold Chain များတွင် သိုလှောင်ရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊   ကာကွယ်ဆေးများအား စနစ်တကျ ထိန်းသိမ်းနိုင်ခြင်းမရှိပါက နိုင်ငံခြား ငွေဖြင့်  ဝယ်ယူထားရသည့်    ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးနိုင်သဖြင့် ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆုံး ထိုးနှံပြီးစီးအောင်        ဆောင်ရွက်ပေးရန် လိုကြောင်း၊  ပေးပို့လိုက်သည့်   ကာကွယ်ဆေးများကို လည်း မြို့နယ်များအလိုက် ဦးစားပေးအဆင့်လိုက် ထိုးနှံဆောင်ရွက်ပေးရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကာကွယ် ဆေး ထိုးနှံပြီးစီးသူများကိုလည်း QR Code များဖြင့် မှတ်တမ်းပြုစုရမည်ဖြစ်သဖြင့် စာရင်းဇယားများကို စနစ်တကျ ပြုစုထားရန်  လိုအပ်ကြောင်းနှင့်   ယခု ကာကွယ်ဆေးထိုးနှံရာတွင်    အချို့ဒေသများ၌ မှတ်ပုံတင်မရှိသူများ၊ မှတ်ပုံတင်ပျောက်ဆုံးလျက် ရှိသူများကို တွေ့ရှိရသဖြင့် ဝန်ကြီးချုပ်များအနေဖြင့် တစ်ဖက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှုစာရင်းဇယား မှန်ကန်စေရေးနှင့် တစ်ဖက်၌ လည်း ပန်းခင်းစီမံချက်ကို   အထောက်အကူပြုစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့၌ ပန်းခင်း စီမံချက်လုပ်ငန်းမှ တာဝန်ရှိသူအချို့ပါ ထည့်သွင်း ဖွဲ့စည်းပါက ပန်းခင်းစီမံချက် ဆောလျင်စွာ ပြီးစီး ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။ 


သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးချုပ်များက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက် ပေးရန် မှာကြားလိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာ တွင် ပုဂ္ဂလိကအသင်းအဖွဲ့များကပါ  ပူးပေါင်း ဆောင်ရွက် လျက်ရှိသော်လည်း  ဆေးထိုးနှံပေးမည့်သူ များမှာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့်     ကျန်းမာ ရေး ဝန်ထမ်းများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးသည့် အရေအတွက် စာရင်းဇယား တိကျမှန်ကန်မှုရှိစေရေးအတွက်လည်း ကာကွယ် ဆေးထိုးသည့် ပုဂ္ဂလိကအသင်းအဖွဲ့ တာဝန်ရှိသူများ က စာရင်းဇယားများ စနစ်တကျရေးသွင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့် လူနာ များ   လျော့ကျလာသည်ကို  တွေ့ရှိရသော်လည်း သက်ဆိုင်ရာ ဆေးရုံများတွင် အခြားရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါတို့အတွက် အရေးပေါ်ကုသရေး အခန်းများ သီးခြားပြင်ဆင်မှုများကို ပြင်ဆင်ထား ရန်လိုပြီး အချိန်မရွေး ကုသပေးနိုင်အောင် ပြင်ဆင် ထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ချိန်တွင် ဆောင်ရွက်ခဲ့သော ကုသရေးစင်တာများကို ကူးစက်မှုနှုန်း လျော့ကျလာချိန်တွင် အချို့နေရာများ ၌ ပြန်လည်ရုပ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိရာတွင် ပြင်ဆင်ထားရှိသည့်  အဆောက်အအုံများအလိုက် ဆက်စပ်ပစ္စည်းကိရိယာများကို စနစ်တကျသိမ်းဆည်း ၍ လိုအပ်လာပါက ချက်ချင်းအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု  ၈ ရာခိုင်နှုန်းခန့်သာ    ရှိသော်လည်း ရှေ့ဆက်ဖြစ်လာနိုင်သည်များကို ကြိုတင်မြော်တွေး ကာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍    နေ့စဉ်မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေးကာ ဖြစ်ပေါ်လာသည့်အခြေအနေ များကို အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဗဟိုကော်မတီ များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်တင်ပြ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပညာပေး လုပ်ငန်းများကို မျက်ခြည်မပြတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း   ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။    

သတင်းစဉ်